တာချီလိတ်တွင် Covid-19 ကာလအတွင်း ဇူလိုင်နှင့် သြဂုတ်လအတွက် အိမ်သုံးမီတာခဈေးနှုန်း ထိုင်းဘတ်ငွေ (၃၅)ပြားလျှော့ချကောက်ခံမည်

တာချီလိတ်တွင် Covid-19 ကာလအတွင်း ဇူလိုင်နှင့် သြဂုတ်လအတွက် အိမ်သုံးမီတာခဈေးနှုန်း ထိုင်းဘတ်ငွေ (၃၅)ပြားလျှော့ချကောက်ခံမည်
ဇူလိုင် 23, 2020
By Tachileik News Agency
တာချီလိတ်တွင် Covid-19 ကာလအတွင်း ဇူလိုင်နှင့် သြဂုတ်လအတွက် အိမ်သုံးမီတာခဈေးနှုန်း ထိုင်းဘတ်ငွေ (၃၅)ပြား လျှော့ချကောက်ခံမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ထိုင်းနိုင်ငံမှ လျှပ်စစ်မီးရယူဖြန့်ဝေပေးနေသည့် တာချီလိတ်မြို့မီးလင်းရေးကော်မတီက COVID-19 ကာလအတွင်း ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွက် အိမ်သုံးမီတာခနှုန်းထားများကို ထိုင်းဘတ်ငွေ (၃၅)ပြား ထပ် လျှော့ချကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ်လျှော့ချမယ့်ကာလက ဇူလိုင်လရယ်၊ သြဂုတ်လရယ်။ ကျွန်တော်တို့က (ဝ.၃၅) ဘတ်လျှော့ချမှာပေါ့။ အရင် (၅.၃၅) ဘတ်နှုန်းထားကောက်နေရာကနေ (၅) ဘတ်ပဲ ကောက်ခံမှာဖြစ်တယ်။ မြို့မီးလင်းရေးအနေနဲ့ COVID ကာလမှာ ပြည်သူအတွက်လျော့ဖို့ ဒီနေ့အစည်းအဝေးပြုလုပ်ထားပါတယ်။ မီတာတွေအကုန်လုံးတော့ အကျုံးမဝင်ပါဘူး။ ကျွန်တော်တို့ အိမ်သုံးမီတာပဲ။ လုပ်ငန်းသုံး ပါဝါမီတာတွေ မပါပါဘူး

ဟု တာချီလိတ်မြို့မီးလင်းရေးရုံးမှ ပြင်ပဆက်ဆံရေးတာဝန်ခံ မန်နေဂျာ ဦးစိုင်းခမ်းမွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိလျော့ချပေးလိုက်သည့် မီတာနှုန်းထားမှာ မီးလင်းရေးကော်မတီအနေဖြင့် အရင်းနှုန်းထားဖြစ်နေသည့်အတွက် အများပြည်သူအသုံးများသည့် အိမ်သုံးမီတာများကိုသာ လျော့ချပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ဈေးနှုန်းအရ ဝယ်ဈေးက တစ်ယူနစ် (၄) ဘတ်ဟုတ်တယ်။ ဒါပေမဲ့ ဝယ်လိုက်တဲ့ယူနစ်အတိုင်း ကျွန်တော်တို့ မရောင်းနိုင်ဘူး။ ပျောက်ဆုံးယူနစ်တွေရှိတယ်။ တစ်လ တစ်လမတူဘူး။ သူက (၁၂) ရာခိုင်နှုန်းကနေ (၁၈) ရာခိုင်နှုန်းအထိရှိတယ်။ ရောင်းချရတဲ့ယူနစ်နဲ့ ဟိုဘက်ကိုပေးချေရတဲ့ ငွေပမာဏ စားလိုက်မယ်ဆိုရင် တစ်ယူနစ်ရဲ့ဈေးနှုန်း၊ ထပ်ကုန်ကျရတဲ့ EPC ကိုပေးရတဲ့နှုန်း၊ ဝန်ထမ်းတွေရဲ့ စီမံခန့်ခွဲရေးစရိတ်တွေ၊ လိုင်းထိန်းသိမ်းရတဲ့စရိတ်တွေ ပေါင်းလိုက်ရင် ကျွန်တော်တို့ရဲ့အရင်းက တစ်ယူနစ်ကို (၅.၁၁) လောက်ရှိတယ်။ 

ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှ စာရင်းစစ် ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီအနေဖြင့် COVID-19 ကာလအတွင်း မီးသုံးစွဲသူပြည်သူများအတွက် ပထမအကြိမ် မီတာခလျော့ချကောက်ခံမှုအဖြစ် ဧပြီလနှင့် မေလတွင်  မီတာတစ်ယူနစ်လျှင် (ဝ.၁၅) ဘတ်ကို လျှပ်စစ်မီးအသုံးပြုသူအားလုံးအတွက် တပြေးညီလျှော့ချကောက်ခံခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -  ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~