စစ်အာဏာရှင် ဆန့်ကျင်မှုများကြောင့် ဖမ်းဆီးခံရသူများအနက် လွိုင်ကော်အကျဉ်းထောင်မှ  (၁၁)ဦး ပြန်လည် လွတ်မြောက်လာ 

စစ်အာဏာရှင် ဆန့်ကျင်မှုများကြောင့် ဖမ်းဆီးခံရသူများအနက် လွိုင်ကော်အကျဉ်းထောင်မှ  (၁၁)ဦး ပြန်လည် လွတ်မြောက်လာ 
ဇွန် 30, 2021 | ကယား

ကယား(ကရင်နီပြည်)ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင်ပါဝင်သည်ဟုဆိုကာ  လွိုင်ကော်အကျဉ်းထောင် ဖမ်းဆီးထားသူများထဲမှ အမျိုးသမီး (၉)ဦးနှင့် အမျိုးသား (၂)ဦးတို့အား ၂၀၂၁ ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် ပြန်လည် လွှတ်ပေးလာကြောင်း သိရသည်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က  ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသူ များထဲမှ (၁၁)ဦးအား ပြန်လည် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

အားလုံးပေါင်း (၁၁) ယောက်ပဲ ပြန်လွှတ်လာတယ်။ ဖမ်းဆီးခံထားရသူတွေထဲကမှ သူတို့ ပြန်လွှတ်တာပေါ့။ အခု ထောင်ထဲမှာတော့ အများကြီးကျန်နေသေးတယ်။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ယနေ့ ပြန်လည် လွှတ်မြောက်လာသူများထဲတွင် နာနတ်တောရပ်ကွက်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွင် ဖမ်းဆီးခံခဲ့ရသော အမျိုးသမီး (၆)ဦးထဲမှ ဒေါ်ရို့စ်မေရီ ၊ မနော်မြအေး၊ မမြင့်ကြည်၊ မမာဒလေးနာနှင့် မမိခိုင် တို့ (၅)ဦး ပြန်လည် လွတ်မြောက်လာခဲ့ပြီး မစန္ဒာဝင်း ကိုတော့ လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ 

အကြောင်းအမျိုးမျိုးကြောင့် စစ်အာဏာရှင် ဆန်ကျင်းရေး လှုပ်ရှားမှုများအတွင်း နိုင်ငံရေးအကျဥ်းသားများအဖြစ် ဖမ်းဆီးခံခဲ့ရသူ များထဲမှာ လွိုင်ကော်မြို့ မင်းစုရပ်ကွက်မှ မချောစုဝင်း၊ မမာမာစိန်နှင့် စိုင်းကျော်မျိုးခိုင်၊ ရှမ်းစုရပ်ကွက်မှ မချိုမာဝင်းရှိန်နှင့် မချိုချိုစိမ့်  တို့  လွတ်မြောက်ခဲ့ပြီး ဖရူဆိုမြို့မှ မောင်ဂေးဘတ် လည်း ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ 

အာဏာသိမ်းကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသူများကို (၃)ကြိမ်အထိ လွှတ်ပေးမည်ဟု သိရပြီး ယနေ့ လွတ်ပေးလိုက်ခြင်းမှ  ပထမအကြိမ်ဖြစ်သည်။

 #TachileikNewsAgency