ရှမ်း - ကယားနယ်စပ် တိုက်ပွဲတွင် အထိနာသည့် အာဏာသိမ်းစစ်တပ်က သံချပ်ကာအမြောက်ကား(၂)စီး၊ တိုက်လေယာဉ်(၂)စီးဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်

Photo: DMO-PDF
Photo: DMO-PDF
ရှမ်း - ကယားနယ်စပ် တိုက်ပွဲတွင် အထိနာသည့် အာဏာသိမ်းစစ်တပ်က သံချပ်ကာအမြောက်ကား(၂)စီး၊ တိုက်လေယာဉ်(၂)စီးဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်
ဖေဖော်ဝါရီ 18, 2022 | ကယား

ရှမ်း - ကရင်နီ (ကယား)နယ်စပ် ဝီသဲကူး​(မြောက်ရွာ)တွင် ယ​​နေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်​နေ့၌ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း အထိနာသည့် အာဏာသိမ်းစစ်ကောင်စီတပ်က သံချပ်ကာအမြောက်ကား (၂)စီးဖြင့် ပစ်ကူသည့်အပြင် ညနေ (၄)နာရီဝန်းကျင်တွင် တိုက်လေယာဉ် (၂)စီးဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။

ယနေ့ တိုက်ပွဲ​အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများသည်ဟု မြေပြင်သတင်းအတည်ပြုချက်ရရှိထားကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်နက်ကြီးပစ်ကူ၊ သံချပ်ကာ ကားများဖြင့်ပါ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အာဏာသိမ်း စစ်ကောင်စီတပ်က ယနေ့ နံနက် (၆)နာရီဝန်းကျင်တွင်လည်း  မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ရွာကို မီးရှို့ခဲ့သည်။

ရှမ်း - ကရင်နီ(ကယား)နယ်စပ် မိုးဗြဲကို အင်အားအလုံးအရင်းဖြင့် ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့ကတည်းက ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ယနေ့တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး  ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO PDF)၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF ၊GZ-21 ၊ အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(I.P.D.F) နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေကြရာ အထိနာသည့် အာဏာသိမ်းတပ်က အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းနေသည်ဟု သိရသည်။

အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်သည့် ပြည်သူများအား နိုင်ငံ့ဘတ်ဂျက်ဖြင့် တည်ဆောက်ထားသည့် စစ်တပ်က အကြမ်းဖက် သတ်ဖြတ်မှုများကြောင့်  ရရာလက်နက်ကိုင်သည့် ပြည်သူ့တော်လှန်ရေးတစ်ရပ် ပေါ်လာခြင်းဖြစ်သည်။