စစ်ရှောင်စခန်း စတင်ဖွင့်လှစ်သည့် လွိုင်ကော်မြို့ ပီကင်းကောခူ ကျေးရွာထဲသို့ အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍  ရွာလုံးကျွတ် ရွေ့ပြောင်းနေရ

စစ်ရှောင်စခန်း စတင်ဖွင့်လှစ်သည့် လွိုင်ကော်မြို့ ပီကင်းကောခူ ကျေးရွာထဲသို့ အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍  ရွာလုံးကျွတ် ရွေ့ပြောင်းနေရ
မေ 23, 2021 | ကယား

ကယား - ရှမ်း နယ်စပ် စစ်ဘေးရှောင်စခန်း ဖွင့်လှစ်ထားသည့် လွိုင်ကော်မြို့နယ် ပီကင်းကောခူကျေးရွာထဲသို့  ယနေ့ ၂၀၂၁ခုနှစ် မေလ(၂၃)ရက်နေ့တွင် အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက် လက်နက်ကိုင်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ် ရွေ့ပြောင်းနေရကြောင်း သိရသည်။ 

ကျွန်တော်တို့ ရွာထဲကို RPG (၃)လုံး ပစ်ထည့်တယ်။ ရွာထဲကို ပစ်ထည့်တာ ။ အဲ့ဒါ ရွာက လူတွေ သက်ကြီးရွယ်အိုတွေအကုန် စစ်ဘေးရှောင်ဖို့ ရွာကို စွန့်ခွာဖို့ အခု လုပ်နေကြရတယ်။ ရွာလုံးကျွတ်ပေါ့။

ဟု ကျေးရွာတာဝန်ရှိသူ လူငယ်တစ်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ယနေ့  နေ့လည်ပိုင်းတွင် လွိုင်ကော်မြို့ဖက်မှ မိုးဗြဲဖက်သို့ စစ်ကူလာသော အာဏာသိမ်းအဖွဲ့ ၏ လက်နက်ကိုင်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များမှကုန်းသာကျေးရွာ၊ ဝါရီကောခူ ၊ ပီကင်းကောခူကျေးရွာ အနီးတို့တွင် ပြောက်ကျားနည်းဖြင့် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။ 

ယနေ့ မေလ(၂၃)ရက်နေ့မှစ၍ ကယားပြည်နယ်တွင်းရှိ စစ်ရှောင်များအတွက် စစ်ဘေးဒုက္ခသည်စခန်းကို စတင်ဖွင့်လှစ်သည့် ပီကင်းကောခူ ကျေးရွာ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်ပြီး ရွာအတွင်းပိုင်းသို့ စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ရွာလုံးကျွတ် စစ်ဘေးလွတ်ရာ စတင်တိမ်းရှောင်​နေရကြောင်း သိရသည်။