ဒီးမော့ဆိုနှင့် ဖရူဆိုတွင် ယမန်နေ့က လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့သည့် အာဏာသိမ်းတပ်ဘက်မှ (၃၀)ကျော်သေဆုံး

Photo: လွိုင်ကော် PDF
Photo: လွိုင်ကော် PDF
ဒီးမော့ဆိုနှင့် ဖရူဆိုတွင် ယမန်နေ့က လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့သည့် အာဏာသိမ်းတပ်ဘက်မှ (၃၀)ကျော်သေဆုံး
ဇန်နဝါရီ 1, 2022 | ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့က ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များတွင် ကရင်နီတပ်မတော် (KA)၊(KNDF) နှင့် PDF ပူးပေါင်းအဖွဲ့များကို လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့သည့်  အာဏာသိမ်းစစ်တပ်ဘက်မှ ခန့်မှန်း (၃၀)ကျော် သေဆုံးဖွယ်ရှိကြောင်း သိရသည်။

ယမန်နေ့က ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီးနှင့် မြို့မရဲစခန်းတို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီစစ်တပ်များကို  ကရင်နီတပ်မတော် (KA)၊(KNDF) နှင့် PDF ပူးပေါင်းအဖွဲ့တို့က  ပူးပေါင်းတိုက်ခိုက်စဉ်အတွင်း ငွေတောင်ဆည်ဘောင်အနီးရှိ ပြည်အောင်ရတနာဆီဆိုင် အဆောက်အဦးကို ပိတ်ဆို့တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်မှ (၃၀) ဝန်းကျင် သေဆုံးဖွယ်ရှိသည်ဟု  KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ တိုက်ပွဲများတွင် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက်နေရာမှ ညနေပိုင်း တိုက်ပွဲပြင်းထန်လာချိန်တွင်  တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် မိနစ် (၂၀)ကြာအောင် လေကြောင်းပစ်ကူတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ဒီးမော့ဆိုတိုက်ပွဲမှာ နံနက် (၉)နာရီမှ ည (၇)နာရီဝန်းကျင်အထိ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(၁) ဦးမှာ ပြင်းထန်ဒဏ်ရာရရှိကာ အခြား ဒဏ်ရာရရဲဘော်များမှာ မစိုးရိမ်ရကြောင်း သိရသည်။

အလားတူ ဖရူဆိုမြို့နယ် ထီသော်တနီးကျေးရွာနှင့် လောတောတနောရွာများအနီးတွင်လည်း ယမန်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်နှင့် KA ၊ KNDF ပူးပေါင်းအဖွဲ့တို့ (၃)နာရီကြာ တိုက်ပွဲဖြစ်ပွားပြီး အဆိုပါတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်မှ (၃) ဦးသေဆုံးသည်ဟု သိရသည်။

ယမန်နေ့က တိုက်ခိုက်မှုများအတွင်း အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရပ်ကွက်၊ ကျေးရွာများဘက်ကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ခဲ့သည်ဟု သိရသည်။