ထိုင်းနိုင်ငံတွင်မှ နေရပ်ပြန်မြန်မာများကို မြန်မာ - ထိုင်းနယ်စပ်များမှ ဝင်ခွင့်ပေးတော့မည်မဟုတ်

ထိုင်းနိုင်ငံတွင်မှ နေရပ်ပြန်မြန်မာများကို မြန်မာ - ထိုင်းနယ်စပ်များမှ ဝင်ခွင့်ပေးတော့မည်မဟုတ်
မတ် 24, 2020
By Tachileik News Agency
ထိုင်းနိုင်ငံတွင်မှ နေရပ်ပြန်မြန်မာများကို မြန်မာ - ထိုင်းနယ်စပ်များမှ ဝင်ခွင့်ပေးတော့မည် မဟုတ်

ကိုရိုနာဗိုင်းရပ်စ် (COVID - 19) ကူးစက်ရောဂါထိန်းချုပ်ရေးစီမံချက်များအရ မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက်လုံးကို ပိတ်ထားမည်ဖြစ်ရာ ထိုင်းနိုင်ငံတွင်းမှ မြန်မာနိုင်ငံသားများ အနေဖြင့် ဖြတ်သန်းခွင့်ရတော့မည် မဟုတ်၍  နေရပ်ပြန်လာခြင်း မပြုကြရန် မြန်မာအလုပ်သမားသံအရာရှိရုံးက ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့၌ မြန်မာလုပ်သားများအား မေတ္တာရပ်ခံအသိပေးထားသည်။

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနယ်စပ် တစ်လျှောက်ရှိ တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက် နှင့် ကော့သောင်း-ရနောင်း မြို့များရှိ တရားဝင် အဝင်/အထွက် ဂိတ်အားလုံးကို မတ်လ (၂၃)ရက်နေ့မှစ၍ ယာယီပိတ်ထားမည်ဖြစ်သည့်အပြင် နယ်စပ်ခိုးဝင်ပေါက်များမှ ဖြတ်သန်းမှုမရှိစေရန်လည်း ဒေသအာဏာပိုင်များက ဆောင်ရွက်နေကြခြင်းဖြစ်သည်။

နယ်စပ်ဂိတ်များကို မတ်လ (၂၃)ရက်နေ့မှစ၍ ပိတ်ထားသော်လည်း ကြေညာချက် မထုတ်မီကတည်းက နေရပ်ပြန်လာနေသည့် မြန်မာလုပ်သားများမှာ တာချီလိတ် - မယ်ဆိုင်ချစ်ကြည်ရေးတံတား (၁)သို့ရောက်ရှိလာသဖြင့် မယ်ဆိုင်တာဝန်ရှိသူများက မတ်လ (၂၅)ရက်နေ့အထိ နောက်ဆုံးထား၍ မြန်မာဘက်သို့ ထွက်ခွင့်ပေးထားကြောင်း သိရသည်။

"မယ်ဆိုင်ဘက် တာဝန်ရှိသူတွေပြောတာက မြန်မာလုပ်သားတွေကို မတ်လ (၂၅)ရက်နေ့အထိ စိစစ်ပြီး ပေးဖြတ်မယ်လို့ သိရတယ်။ ထိုင်းစံတော်ချိန် ညနေ (၅)နာရီအထိ လူသွားလမ်းအပေါက်ကို ဖွင့်ထားပေးပါမယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ဘက်တွင် နယ်စပ်တံတားပိတ်လိုက်သည့် မတ်လ (၂၃)ရက်နေ့က ထိုင်းနိုင်ငံဘက်မှ နေရပ်ပြန်လာသည့် မြန်မာလုပ်သား (၂၀၀) ဝန်းကျင် ရောက်ရှိလာပြီး မတ်လ (၂၄)ရက်နေ့ နံနက်ပိုင်းတွင်လည်း နေရပ်ပြန်လာသူများ ဝင်ရောက်လာနေဆဲဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမြင့်နေသည့် ထိုင်းနှင့် မလေးရှားနိုင်ငံများမှ နေရပ်ပြန်လာသူများအနေဖြင့် ရောဂါကူးစက်လာနိုင်သဖြင့် အခြားသူများနှင့် မထိတွေ့ဘဲ နေအိမ်၌ (၁၄)ရက် သီးခြားစောင့်ကြည့်မှုများ လုပ်ဆောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ဦးထွန်း(မယ်ဆိုင်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~