ကရင်နီပြည်တစ်ဝှမ်းလုံး စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကျင်းပခွင့်မပြုသလို ရွေးကောက်ပွဲအတွက် လုပ်ငန်းစဉ်များ မဆောင်ရွက်ပေးရန် PDFနှင့်KNDFတို့က အသိပေး 

ကရင်နီပြည်တစ်ဝှမ်းလုံး စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကျင်းပခွင့်မပြုသလို ရွေးကောက်ပွဲအတွက် လုပ်ငန်းစဉ်များ မဆောင်ရွက်ပေးရန် PDFနှင့်KNDFတို့က အသိပေး 
ဇန်နဝါရီ 28, 2023 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ် တစ်ဝှမ်းလုံးတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်မှန်သမျှကို ပိတ်ပင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းမပြုရဟု ဒေသကာကွယ်ရေးတပ်များက ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဒီးမော့ဆို PDF နှင့် KNDF နှစ်ဖွဲ့ပေါင်းကာ ယင်းထုတ်ပြန်ချက် ကို ထုတ်ပြန်ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲပြင်ဆင်ရေးအတွက် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ခံခြင်း၊ ကြိုတင်မဲများ ကောက်ခံခြင်း၊ စည်းရုံးဟောပြောခြင်း၊ တာဝန်ပေးအပ်ခြင်း အစ ရှိသည့် လုပ်ဆောင်မှုများကို ငြင်းဆန်ပြီး မပူးပေါင်းကြရန်လည်း သတိပေးထားသည်။

ဒါ့အပြင် တသီးပုဂ္ဂလသော် လည်းကောင်း၊ အစုအဖွဲ့ဖြင့်သော် လည်းကောင်း၊ နိုင်ငံရေးပါတီဖွဲ့စည်း၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်း လုံးဝမပြုလုပ်ရန်၊ ရွေးကောက်ပွဲ ဘဖြစ်မြောက်ရေး ဆောင်ရွက်မှုများကို တွေ့ရှိပါက တော်လှန်ရေးအင်အားစုများမှ ကျင့်ဝတ်နည်းနာများ နှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဟုလည်း သတိပေးထားသည်။

စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် ရွေးကောက် ပွဲလမ်းစဉ်အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေပြီး ယခုပြု လုပ်ရန်စီစဉ်နေသည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် သက် ဆိုးရှည်စေရန် ကြိုးပမ်းသည့်အတုအယောင် ဆောင်ရွက်မှုတစ်ခုသာဖြစ်သည်ဟုလည်း ဆိုထားသည်။

ကရင်နီဒေသတွင် တိုက်ပွဲများဖြစ်ပွားချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီက စစ်ရှောင်စခန်းများအား ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ နေ့စဉ်လုပ်ဆောင်နေသဖြင့် ဒေသခံများစွာသေဆုံးခဲ့ရပြီးဖြစ်ကြောင်း သိရသည်။