တာချီလိတ်မြို့နယ်အတွင်း ညမထွက်ရအမိန့် (၁)လ ထပ်တိုး

တာချီလိတ်မြို့နယ်အတွင်း ညမထွက်ရအမိန့် (၁)လ ထပ်တိုး
ဇန်နဝါရီ 15, 2021 | Covid-19| ရှမ်းရှေ့

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့နယ်အတွင်း COVID-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များထဲက ညမထွက်ရအမိန့်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလယ်အထိ ဆက်လက်တည်ရှိမည် ဖြစ်သည်။

နေ့စဉ် ည (၁၂)နာရီမှ နောက်တစ်နေ့ နံနက် (၄)နာရီအတွင်း အရေးပေါ်ကိစ္စရပ်များပေါ်ပေါက်၍ သက်ဆိုင်ရာ ခွင့်ပြုထားသည်မှအပ အပြင်ထွက်သွားလာခွင့်တားမြစ်ထားခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့အထိ အမိန့်ထုတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက် လူစုလူဝေးဖြစ်စေသည့် KTV၊ ဘား၊ ကလပ်များကို ပိတ်ထားသည့်နည်းတူ မလိုအပ်ဘဲ အပြင်မထွက်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားရာ မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်း၊ လူစုလူဝေးဖြစ်ခြင်းအား တားမြစ်နိုင်ရေးအတွက် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကိုချိုးဖောက်ပါက ပုဒ်မ (၁၈၈) ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် (၃) လအထိချမှတ်နေခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

 

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။