(၁၁)ရက်အတွင်း Covid-19 ပိုးတွေ့သူ (၂၀၀)ကျော်ရှိနေသည့် နောင်ချိုမြို့တွင် စာသင်ကျောင်းများ ယာယီပိတ်ရန် ညွှန်ကြား

(၁၁)ရက်အတွင်း Covid-19 ပိုးတွေ့သူ (၂၀၀)ကျော်ရှိနေသည့် နောင်ချိုမြို့တွင် စာသင်ကျောင်းများ ယာယီပိတ်ရန် ညွှန်ကြား

 Covid-19 အတည်ပြုလူနာ (၂၀၀)ကျော်အထိ ရှိနေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ Covid-19 ကူးစက်ခံရသူများတွင် ကျောင်းသား၊ကျောင်းသူများ ပါဝင်နေ၍ စာသင်ကျောင်းများကို ယာယီပိတ်ထားရန် ဇွန်လ(၂၈)ရက်နေ့က ကိုဗစ်ကော်မတီမှ ညွှန်ကြားထားကြောင်း သိရသည်။ 

နောင်ချိုမြို့တွင် ဇွန်လ(၁၉)ရက်နေ့က အနံ့ပျောက်နေသည့် တစ်ဦးထံက Covid-19 တွေ့ရှိခဲ့ပြီးနောက် ကျောင်းနေအရွယ် ကလေးများပါ ကူးစက်ခံရမှုများရှိလာသည့်အတွက် အခြေခံပညာကျောင်းများအားလုံးကို ဇွန်လ(၂၈)ရက်နေ့က စ၍ ပိတ်ထားရ နောင်ချိုမြို့နယ် ကိုဗစ်ကော်မတီက ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။ 

နောင်ချိုမြို့နယ်အတွင်း၌ မူကြိုကျောင်းများ၊ အခြေခံပညာကျောင်းများ အပြင် ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ အပါအဝင် စုစုပေါင်း (၇၅)ကျောင်းဝန်းကျင်ရှိကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဇွန်လ(၁၉)ရက်နေ့မှ ဇွန်လ(၂၉)ရက်နေ့အထိ (၁၁)ရက်အတွင်း နောင်ချိုမြို့တွင် Covid-19 ရောဂါပိုးတွေ့သူ (၂၁၉)ဦးအထိရှိခဲ့ပြီး (၁)ဦး သေဆုံးသွားကာ သက်သာလာသူ(၃)ဦးရှိပြီး ကျန်ရှိသူများမှာ ကုသမှု ခံယူနေလျက်ရှိကြောင်း သိသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တစ်ခုလုံးတွင် လားရှိုးမြို့၌ ဇွန်လ(၇)ရက်နေ့က စ၍ Covid-19 ပိုးတွေ့ရှိရာမှ ရှမ်း(မြောက်)အတွင်း Covid-19 ပိုးတွေ့ရှိသူ (၇၀၀) ကျော်ရှိနေပြီဖြစ်ပြီး လားရှိုးမြို့နယ်ကို Stay at Home အဖြစ်ကြေညာထားကာ ကျန်မြို့များအနက် လားရှိုးနှင့်နောင်ချိုမြို့တွင်သာ စာသင်ကျောင်းများယာယီပိတ်ရန် ကြေညာထားခြင်းဖြစ်သည်။