Covid-19 အခြေအနေကြောင့် နမ္မတူ မှ လားရှိုးသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများ ယာယီရပ်နား

Covid-19 အခြေအနေကြောင့် နမ္မတူ မှ လားရှိုးသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများ ယာယီရပ်နား

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်း Covid-19 ကူးစက်ပျံ့ပွားမှုလျှော့ချနိုင်ရေး အတွက် နမ္မတူ - လားရှိုး လမ်းပိုင်း၌ ပြေးဆွဲနေသော ယာဉ်လိုင်းများအား ဇွန်လ (၂၈)ရက်နေ့က စတင်၍ ယာယီပိတ် ထားရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားချက်ထုတ်ပြန်ထားပြီး မလိုက်နာပါက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့််ခွဲမှု ဥပဒေနှင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဓိက အားဖြင့် Stay at Home အဖြစ် ကြေညာထားသည့် လားရှိုးမြို့နယ် နှင့် နမ္မတူမြို့သို့ ဆက်သွယ်ပြေးဆွဲနေသည့် ယာဉ်လိုင်းများအနေဖြင့် လားရှိုး - နမ္မတူလမ်းပိုင်းတစ်လျှောက် ယာဉ်များပြေးဆွဲနေခြင်းကို ဇွန်လ (၂၈)ရက်နေ့က စတင်၍ ယာယီရပ်နားထားစေခြင်းဖြစ်ပြီး ပြန်လည်ပြေးဆွဲရမည့်ရက်ကို မသိရှိရသေးဟု သိရသည်။

မော်တော်ယာဉ်လိုင်းများအား ပြေးဆွဲခွင့် ပိတ်ပင်ထားသည့် ကာလအတွင်း စည်းကမ်း မလိုက်နာဘဲ ဆက်လက် ပြေးဆွဲပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ( ၂၅ )နှင့်အညီ တရားစွဲဆို ဆောင်ရွက်ခံရမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

နမ္မတူမြို့တွင် ကျောင်းဆရာမ (၃)ဦးနှင့် ဂေါက်ကွင်း၌အိတ်သယ်ဆောင်သူ (၂)ဦးအပါအဝင် Covid-19 တွေ့သူ (၅)ဦးသာ ရှိထားသော်လည်း နမ္မတူမြို့နှင့် နေ့စဉ်ခရီးသည်တင် ကုန်တင်ယာဉ်များ ဆက်သွယ်နေသည့် လားရှိုးမြို့တွင် Covid-19 ပိုးတွေ့သူ ဇွန်လ အတွင်း (၃၄၁)ဦး ရှိနေပြီဖြစ်သည့်အတွက် ကူးစက်ပျံ့ပွားမှုလျော့ကျ စေရန် ယခုကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တစ်ခုလုံးရှိ လောက်ကိုင်၊ မူဆယ်၊ ကွတ်ခိုင်၊ သိန်းနီ၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ နမ့်လန်၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲနှင့် နောင်ချိုမြို့များ တွင် ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ကိုဗစ်ပိုးတွေ့ရှိသူ (၇၀၀)ကျော်ရှိနေပြီဖြစ်ပြီး ကုသမှုခံယူစဉ် သေဆုံးသွားသူများလဲရှိနေခဲ့ခြင်းဖြစ်သည်။