ဟိုပုံးတိုးဂိတ်အနီးတွင် ဇူလိုင် ၁ ရက်နေ့မှစပြီး တောင်ကြီးဘက်သွားမည့်သူများအား COVID 19 စစ်မည်

ဟိုပုံးတိုးဂိတ်အနီးတွင် ဇူလိုင် ၁ ရက်နေ့မှစပြီး တောင်ကြီးဘက်သွားမည့်သူများအား COVID 19 စစ်မည်
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ တိုးဂိတ်အနီးတွင် COVID 19 စစ်ဆေးရေးဂိတ်ကို ဖွင့်လှစ်ကာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှစ၍ တောင်ကြီးမြို့တွင်းဝင်သူများကို စစ်ဆေးသွားမည်ဖြစ်ပြီး သံသယရှိသူများ ကျပ်တစ်သောင်းဖြင့် COVID 19 စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင်  ဟိုပုံးဘက်မှ တောင်ကြီးမြို့တွင်း ဝင်မည့်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းခြင်းဖြင့် စစ်ဆေးမည်ဖြစ်ပြီး COVID 19 သံသယရှိသူများကို Covid-19 RDT test kit ဖြင့် စစ်ဆေးပေးမည်ဖြစ်ကာ စစ်ဆေးခံရသူက စစ်ဆေးခ ကျပ်တစ်သောင်းပေးရမည်ဟု သိရသည်။

တောင်ကြီးဘက်မှ ဟိုပုံးဘက်လာသူများအနေဖြင့် စစ်ဆေးမှုခံယူရန် မလိုအပ်ကြောင်းသိရပြီး သိရပြီး Mask မတပ်သူများကိုလည်း အရေးယူမည်ဟု သိရသည်။

နိုင်ငံအတွင်း COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအားလုံးမှာ စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့်နေ့မှစ၍ ရပ်ဆိုင်းသွားခဲ့ပြီးနောက် အာဏာသိမ်းပြီး (၅) လအကြာတွင် နိုင်ငံအတွင်း COVID 19 အတည်ပြုလူနာအများအပြား တွေ့လာရခြင်းဖြစ်သည်။