ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးခံရသူများအနက် အာဏာသိမ်းစစ်ကောင်စီက ပြန်လွတ်ပေးလာသည့် (၄၉)ဦးတွင် ရှမ်း/မြောက်က အများဆုံး ပါဝင်

ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးခံရသူများအနက် အာဏာသိမ်းစစ်ကောင်စီက ပြန်လွတ်ပေးလာသည့် (၄၉)ဦးတွင် ရှမ်း/မြောက်က အများဆုံး ပါဝင်
ဇွန် 30, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးခံရသူများအနက် အာဏာသိမ်းစစ်ကောင်စီက ပြန်လည်လွတ်ပေးလာသည့် (၄၉)ဦးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းက အများဆုံးပါဝင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းက (၁)ဦးတည်းသာ ပါဝင်သည်။ 

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၂၀)ရက်နေ့အတွင်း ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့ဖြင့် အမှုဖွင့်ထားသည်များထဲက လွှတ်ပေးလာရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းအနေဖြင့် မူဆယ်မြို့နယ်က အမျိုးသား (၁၅)ဦး နှင့် အမျိုးသမီး (၄)ဦး၊ မိုးမိတ်မြို့နယ်မှ အမျိုးသား (၄)ဦး၊ သီပေါမြို့နယ်မှ အမျိုးသား (၆)ဦး နှင့် အမျိုးသမီး (၁)၊ ကျောက်မဲမြို့နယ်မှ (၂)ဦး၊ လားရှိုးမြို့နယ်မှ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၄၁)ဦး ပါဝင်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းအနေဖြင့် မိုင်းဆတ်မြို့မှ အမျိုးသမီး(၁)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းအနေဖြင့် ညောင်ရွှေမြိုနယ်  တောင်လေးလုံးအကျဥ်းထောင်မှ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရသူ(၇)ဦးတို့ ပါဝင်ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း၌ နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း ဖမ်းဆီးခံရသူများနှင့် ဖမ်းဝရမ်းထုတ်ခံရသူများမှာ ရာနှင့်ချီ ရှိနေကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီက မတရား ဖမ်းဆီး ခံထားရသူများထဲက  (၂,၀၀၀)ကျော်ကို ပြန်လွှတ်ပေးရာတွင် ရှမ်းပြည်နယ်အတွင်းမှ (၄၉)ဦးကိုလည်း ပြန်လည်လွှတ်ပေးလာခြင်း ဖြစ်သည်။ 



နိုင်ငံ့အာဏာကို သိမ်းလိုက်သည့် အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ(၁)ရက်နေ့  မှ ဇွန်လ(၂၀)ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်သူများကို ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ပုဒ်မ ၅၀၅-က နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့ဖြင့် အမှုဖွင့်ထားသည်များထဲက ပထမဆုံးအဖြစ် (၂,၀၀၀)ကျော်ကို လွှတ်ပေးလာခြင်း ဖြစ်ပြီး ဆက်လက် စိစစ်ကာ နောက်ထပ် (၂)ကြိမ် လွှတ်ပေးမည်ဟုလည်း သိရသည်။

ပြန်လွှတ်ပေးလိုက်သူများကို နောက်ထပ် ထပ်မံ၍ စစ်အာဏာရှင်ဆန့်ကျင်မှုများပြုလုပ်ပါက ပြင်းထန်စွာ အရေးယူမည်ဟု သတိပေးကာ ခံဝန်ဂတိလက်မှတ်ရေးထိုးပြီးမှ ပြန်လွှတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။