တာချီလိတ်ရှိ ရှမ်းရိုးမကွင်းညဈေး ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြည်နယ် COVID-19 ကော်မတီခွင့်ပြုချက် ရယူမည်

တာချီလိတ်ရှိ ရှမ်းရိုးမကွင်းညဈေး ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြည်နယ် COVID-19 ကော်မတီခွင့်ပြုချက် ရယူမည်
ဇူလိုင် 30, 2020
By 🌸
 တာချီလိတ်ရှိရှမ်းရိုးမကွင်းညဈေး ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြည်နယ် COVID-19 ကော်မတီခွင့်ပြုချက် ရယူမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့လယ်ရှိ ရှမ်းရိုးမကွင်းအတွင်း ညဈေးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရှမ်းပြည်နယ် COVID-19 ကော်မတီ၏ တရားဝင်ခွင့်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

"ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး တာချီလိတ်ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ စစ်ဆေးဖို့ရောက်ရှိလာတဲ့အချိန်မှာ နှုတ်နဲ့တင်ပြလိုက်တယ်။ စည်းကမ်းသတ်မှတ်ချက်နဲ့ ကျွန်တော်တို့တွေပြန်ဖွင့်လို့ ရမလားဆိုပြီး နုတ်နဲ့တင်ပြတော့ စည်ပင်ဝန်ကြီးအနေနဲ့ မူအားဖြင့် သဘောတူတာပေါ့။ ကျွန်တော်တို့က ပြည်နယ် COVID ကော်မတီရဲ့ တရားဝင်ခွင့်ပြုချက်လိုတာပေါ့။ ဒါကြောင့် စည်ပင်သာယာဌာနကနေပြီးတော့မှ ကျွန်တော်တို့ခရိုင် COVID ကော်မတီကိုတင်ပြဖို့လိုပါတယ်"

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ညဈေးပြန်လည်ဖွင့်လှစ်ခွင့်ပြုပါက ဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင်ကြား အနည်းဆုံး (၆) ပေအကွာ ထားရှိရမည်ဖြစ်ပြီး ဈေးရောင်းချသူများမှာလည်း Mask နှင့် လက်အိတ်များ ဝတ်ဆင်ပြီးရောင်းချခြင်း၊ ဈေးဝယ်သူများမှလည်း Mask တပ်ဆင်ကာ သတ်မှတ်အကွာအဝေးအတိုင်း ဝယ်ယူခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။

"COVID ကာလကြာလာတဲ့အချိန်ကျတော့ ဈေးရောင်းတဲ့သူတွေရဲ့ စားဝတ်နေရေးအခက်အခဲ၊ ကြပ်တည်းမှုတွေ ရှိလာကြတာပေါ့။ ညဈေးရောင်းတဲ့သူတွေကလည်း ဘာပဲပြောပြော ဈေးရောင်းချမှု လုပ်ချင်ကြတယ်။ ကျွန်တော်တို့ တာချီလိတ်မှာ ညဈေးဆိုတာ ဖွင့်ခဲ့တယ်၊ ရှိခဲ့တယ်။ အခုကျတော့ နိုင်ငံတော်ကနေ ပြန်လည်ခွင့်ပြုခြင်းမရှိတဲ့အတွက် ဖွင့်လို့ မရသေးဘူးပေါ့"

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

COVID-19 ကာလကြောင့် ရှမ်းရိုးမကွင်းအတွင်းရှိ ညဈေး၊ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)နှင့် အမှတ်(၂)တံတားသွားရာလမ်းရှိ ညဈေးတန်းများကို ယာယီပိတ်ထားရာ ဈေးသည်အများစုက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတွင် ယာယီဆိုင်ခန်းများဖြင့် ရောင်းချလာကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရှမ်းရိုးမကွင်းအတွင်း၌ COVID-19 ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ယာယီနံနက်ခင်းဈေး ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~