တာချီလိတ်မြို့တွင် ပြည်တွင်းအခွန် နှင့် စည်ပင်သို့ အခွန်ဆောင်ပြီး ကျပ် - ဘတ် ငွေလဲ လုပ်ကိုင်သူ (၃)ဦးကို လုပ်ငန်းလိုင်စင် မရှိ၍ဟု ဆိုကာ ဖမ်းဆီး

 တာချီလိတ်မြို့တွင် ပြည်တွင်းအခွန် နှင့် စည်ပင်သို့ အခွန်ဆောင်ပြီး ကျပ် - ဘတ် ငွေလဲ လုပ်ကိုင်သူ (၃)ဦးကို လုပ်ငန်းလိုင်စင် မရှိ၍ဟု ဆိုကာ ဖမ်းဆီး

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ပြည်တွင်းအခွန်  နှင့် စည်ပင်ဌာနတို့အား တရားဝင် အခွန်အခပေး၍ ငွေလဲလုပ်ငန်း လုပ်ဆောင်သော်လည်း ဗဟိုဘဏ်က ချပေးထားသည့် လုပ်ငန်းလိုင်စင် မရှိ၍ဟု ဆိုကာ ငွေလဲလုပ်ငန်း လုပ်ကိုင်နေသည့် (၃)ဦးကို ဖမ်းဆီးပြီး  တာချီလိတ်မြို့မရဲစခန်းတွင် ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ  လုပ်ငန်းနေရာ (၃)ခုမှ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၁)ဦးတို့ ဖြစ်ပြီး ၎င်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် ၂၀၁၆ ခုနှစ် ငွေရေးကြေးရေး အဖွဲ့အစည်း များဥပဒေပုဒ်မ- ၁၇၁ ဖြင့် အသီးသီး အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးမှုများ ပြုလုပ်ရာတွင်  မြန်မာ - ထိုင်း ကျပ်-ဘတ်ငွေ လဲလှယ်ခြင်းများကို ကိုယ်ပိုင်ငွေဖြင့် တနိုင်တပိုင် လုပ်ကိုင်ခြင်းဖြစ်ပြီး ယင်းသို့ လုပ်ကိုင်ရာတွင်လည်း တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနသို့ အခွန်အခအဖြစ် မြန်မာကျပ်ငွေ (၂)သိန်းဝန်းကျင်နှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနအား တစ်နှစ်လျှင် ကျပ်(၄၈,၀၀၀)ပေးဆောင်ပြီးမှ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု သိရသည်။

"မနေ့က သူတို့ကို တရားရုံးထုတ်ပြီး ရမန်ယူတယ်။ ထိုင်းဘတ်ငွေ တရားဝင်အသုံးပြုနေတဲ့ တာချီလိတ်မြို့မှာ တရားမဝင် ငွေလဲလုပ်ကိုင်တယ်ဆိုပြီးတော့ ဖမ်းဆီးပြီး အမှုဖွင့်လိုက်ကြတဲ့ သဘောပါ။"ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် ရှေ့နေအမျိုးသမီးတစ်ဦးက Tachileik News Agency သို့  ၂၀၂၃ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့တွင် ပြောသည်။

ငွေလဲလုပ်ကိုင်သူများအတွက် ဗဟိုဘဏ်၏ လုပ်ငန်းလိုင်စင် ရရှိရေးမှာ လွယ်ကူခြင်းမရှိကြောင်း သိရသည်။

"သူတို့ ဖမ်းဆီးခံရတယ်ဆိုတာကို ကြားတယ်။ အခုလို ဖမ်းမခံရခင်ကလည်း ပထမအကြိမ် ခေါပြီး စစ်ဆေးခဲ့ဖူးတာတွေရှိတယ်လို့လည်း ကြားတယ်။ တာချီလိတ်မှာ ဗဟိုဘဏ်ရဲ့ လုပ်ငန်းလိုင်စင် မရှိသေးတဲ့ ငွေလဲလုပ်ငန်းလုပ်သူ အများစုက ဒီလိုင်စင်ကို မလုပ်ချင်ကြတာမဟုတ်ဘူး။ လုပ်ချင်ကြပါတယ်။ သက်သက်သာသာ လွယ်လွယ်ကူကူ လုပ်လို့မရတော့ သူတို့အတွက် ခက်တယ်လေ။ လိုင်စင်ကို သက်သက်သာသာနဲ့လွယ်လွယ်ကူကူ လုပ်နိုင်အောင်တော့ လမ်းမဖွင့်ပေးထားဘဲ။ အခုလို တနိုင်တပိုင် လုပ်တာကိုတော့ ဖမ်းတယ်ဆိုတာက မျှတမှုမရှိဘူးလို့ ပြောရမှာပဲ။ တာချီလိတ်လို ဒေသဆိုတာက ထိုင်းဘဏ်ငွေ အများစုသုံးတဲ့ ဒေသဖြစ်တယ်ဆိုတာကိုလည်း အထက်က လူကြီးတွေ မသိပဲ ဖြစ်မှာပါ"ဟု ငွေလဲလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

ငွေကြေးလဲလှယ်လုပ်ငန်းများနှင့် ပတ်သက်၍ တာချီလိတ်မြို့တွင် ငွေလဲလုပ်ကိုင်သူ အများအပြားကို ခေါ်ယူ မေးမြန်း စစ်ဆေးမှုများ ပြုလုပ်ပြီးမှ (၅)ဦးကို ရွေးချယ် ဖမ်းဆီးပြီး အမှုဖွင့်ခြင်းလည်း ဖြစ်သည်ဟု သိရသည်။

"တာချီလိတ်မြို့မှာ အသက်အန္တရာယ်ပြုပြီး ခိုးဆိုးလုယက်လုပ်ရင် ရဲမဖမ်းဘူး။ အခုလို ငွေကြေးဖလှယ်နည်းဖြစ်တဲ့ ရိုးရိုးသားသား တပိုင်တနိုင်လုပ်စားရင်တော့ လိုင်စင်မရှိလို့ဆိုပြီး ဖမ်းတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့သည် မြန်မာကျပ်ငွေထက် တစ်ဖက် ထိုင်းနိုင်ငံ၏ ငွေကြေးဖြစ်သည့် ထိုင်းဘတ်ငွေကိုသာ အဓိက အလေးထား သုံးစွဲနေကြရသည့် ဒေသဖြစ်သည်။