KTV  တွင် စခန်းမှူးက သေနတ်ကိုင်ပြီး သီချင်းဆိုနေရာမှ ကျည်ထွက်၍ စည်ပင်ဝန်ထမ်း တစ်ဦး ကျည်ထိမှန် သေဆုံး

KTV  တွင် စခန်းမှူးက သေနတ်ကိုင်ပြီး သီချင်းဆိုနေရာမှ ကျည်ထွက်၍ စည်ပင်ဝန်ထမ်း တစ်ဦး ကျည်ထိမှန် သေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့ရှိ နားကောင်းမူးတွင် ဖွင့်လှစ်ထားသည့်  KTV  တွင် စခန်းမှူးက သေနတ်ကိုင်ပြီး သီချင်းဆိုနေရာမှ ကျည်ထွက်ပြီး စည်ပင်ဝန်ထမ်းတစ်ဦးကို ထိမှန်သွားရာမှ သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

နားကောင်းမူးရှိ KTV နှင့်အတူ စားသောက်ဆိုင် တွဲဖွင့်ထားသည့် ပန်းသဇင် ဆိုင်တွင် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ ည(၁၁)နာရီခွဲဝန်းကျင်အချိန်က ပုံပါကျင်မြို့စည်ပင်သာယာရေးဌာနမှ တာဝန်ခံ အပါအဝင် အကြီးတန်းစာရေး ဦးနေဆန်း နှင့် သူငယ်ချင်း(၈)ဦးသည် ဆိုင်အတွင်း ညာဖက်အခန်းတွင် သောက်စားသီချင်းဆိုနေပြီး အကြီးတန်းစာရေး ဦးနေဆန်း နှင့် ထွေ/အုပ်ရုံးမှ အကြီးတန်းစာရေး  ဦးကျော်ကျော်ဆန်း တို့သည် ဆိုင်ရှေ့အုတ်ခုံပေါ်ထိုင်ရာ စကားပြောရင်း ဘီယာသောက်နေစဉ်တွင် ဘယ်ဖက်အခန်းအတွင်းမှ သေနတ်သံ တစ်ချက်ထွက်ပေါ်လာပြီးနောက် ကျည်ဆံမှာ အကြီးတန်းစာရေး ဦးနေဆန်း၏ ညာဘက်ရင်အုံကို ထိမှန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်မှာက အခန်း(၂)ခန်းရှိတယ်။ ကျွန်တော်တို့က ညာဘက်အခန်းမှာ သီချင်းဆိုနေတာ သူတို့နှစ်ယောက်က ဆိုင်ထဲမထိုင်ဘဲ အပြင်အုတ်ခုံမှာ ဘီယာထိုင်သောက်နေတုန်း သေနတ်ထိမှန်တာပါ။  ဘာကြောင့် သေနတ်ကျည်ထွက် တယ်ဆိုတာတော့ သေချာမသိပါဘူး။ စခန်းမှူးနဲ့ ကျွန်တော်တို့အဖွဲ့ စကားများတာမျိုးလည်းမရှိပါဘူး။ စခန်းမှူးက တော်တော်လေးတော့ မူးနေပါတယ်။

ဟု အဆိုပါအဖွဲ့တွင် ပါဝင်သူ တစ်ဦးကပြောသည်။

ဆိုင်၏ ညာဖက်အခန်းတွင် နားကောင်းမူး နယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ် အောင်ကျော်စွာ နှင့် အဖွဲ့က သီချင်းဆိုနေရာတွင် စခန်းမှူးသည်   သေနတ်ကိုင်ပြီး သီချင်းဆိုရာမှာ ကျည်ထွက်သွားခြင်း ဖြစ်သည်ဟု သိရသည်။

စခန်းမှူးက လက်တစ်ဖက်က သေနတ်ကိုင်ပြီး သီချင်းဆိုတော့ ကျည်က ထွက်သွားတာမျိုးလို့ ပြောတယ်။ ကျည်ထွက်ပြီး လူကို သွားထိမှန်းတောင် မသိလိုက်ဘူး။ ခဏမှ သိရတာလို့လည်း ပြောတယ်

ဟု ဆိုင်အနီးဝန်းကျင်တွင်နေသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေနတ်သံထွက်ပေါ်ပြီး အပြင်တွင် ကျည်ထိမှန်ကြောင်း သိရသည့်အတွက် စခန်းမှူးသည် KTV အခန်းထဲကနေ သေနတ်ကိုင်ပြီး ထွက်လာကြောင်း သိရသည်။

 

ကျည်မှန်သည့်  ဦးနေဆန်းအား မော်တော်ယာဉ်ဖြင့် ည (၁၁) နာရီ (၄၀)မိနစ် ဝန်းကျင်အချိန်က မိုင်းတုံမြို့နယ် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် မိုင်းဆတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ရာ ဇူလိုင်လ (၂)ရက် နံနက် (၂)နာရီခွဲဝန်းကျင်တွင် ရောက်ရှိ ဆေးကုသမှုခံယူနေစဉ် နံနက် (၄)နာရီ (၄၀) မိနစ်တွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍   နားကောင်းမူး နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်ကျော်စွာအား  ဖမ်းဆီးထားကား မိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၁၅ /၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။