ရှမ်းပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးလှဦး အပါအဝင် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး နှင့် ရဲတပ်ဖွဲ့တို့မှ စုစုပေါင်း (၃၄)ဦး  Covid-19 ကူးစက်ခံထားရ

ရှမ်းပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးလှဦး အပါအဝင် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး နှင့် ရဲတပ်ဖွဲ့တို့မှ စုစုပေါင်း (၃၄)ဦး  Covid-19 ကူးစက်ခံထားရ
ဇွန် 26, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ထိတွေ့မှု ရှိသူများကို ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၂၆)ရက်နေ့ ညနေပိုင်းတွင် RDT ဖြင့် Covid-19 စစ်ဆေးရာက အာဏာသိမ်းစစ်ကောင်စီ၏ ပြည်နယ်ကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးလှဦး နှင့် ၎င်းတို့၏ မိသားစုအပါအဝင် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးနှင့်ရဲတပ်ဖွဲ့တို့မှ စုစုပေါင်း (၃၄)ဦးတွင်  Covid-19 ပိုးတွေ့ရကြောင်း သိရသည်။

ယနေ့ ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာများတွင်  ဗိုလ်မှူးကြီးလှဦး အပါအဝင် မိသားစုဝင် (၅)ဦး၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်နယ် ညွှန်ကြားရေးမှူး(၂)ဦး အပါအဝင် ဝန်ထမ်းနှင့်မိသားစုဝင် (၁၄)ဦး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်၏ ဇနီး အပါအဝင် ရဲတပ်ဖွဲ့ဝင်နှင့်မိသားစုဝင် (၁၄)ဦး၊ ပြည်နယ်လဝကမှ (၁)ဦး စုစုပေါင်း (၃၄)ဦးတွင် Covid-19 တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

ပိုးတွေ့သည့်သူများတွင် အသက်(၁၈)နှစ်အောက်အရွယ်မှာ အနည်းဆုံး (၅)ဦးအထိ ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် Covid-19 အတည်ပြုလူနာ (၅၇၀)ကျော်ရှိထားပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်လည်း Covid-19 အတည်ပြုလူနာမှာ ယခုရက်ပိုင်းအတွင်း တိုးပွားလာနေကြောင်း သိရသည်။

လက်ရှိတွင် ထိတွေ့သူများကို စာရင်းများ ဆက်လက်ရယူနေပြီး ရဲဝန်ထမ်းအိမ်ယာ နှင့် ထွေအုပ်ဝန်ထမ်းအိမ်ယာများကိုလည်း Lockdown သတ်မှတ်ထားကြောင်း သိရသည်။ 

ယနေ့ ပိုးတွေ့အတည်ပြုလူနာများသည် Covid-19 ကာကွယ်ဆေးထိုးပြီးထားကြသူများ ပါဝင်ကြောင်းလည်း သိရသည်။