တာချီလိတ်မြို့တွင် လူငယ်တစ်ဦးထံက Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် လူငယ်တစ်ဦးထံက Covid-19 ပိုးတွေ့
ဧပြီ 27, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ ရာဘာခြံတွင် အလုပ် လုပ်ကိုင်ရန်အတွက် လာရောက်သည့် မကွေးမြို့နယ်အတွင်းမှ လူငယ်တစ်ဦးတွင် Covid-19 ပိုးတွေ့ရှိရကြောင်း သိရသည်။



တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စုအတွင်းရှိ ရာဘာခြံတွင် အလုပ် လုပ်ကိုင်ရန် မကွေးမြို့မှ လာရောက်သည့် အသက်(၂၀)အရွယ် လူငယ်တစ်ဦးအား အထက(ဟောင်လိတ်)ကျောင်းအတွင်းတွင် ယနေ့ ဧပြီလ(၂၇)ရက်နေ့ နေ့လည်က အမှတ်(၃၃၁)ခြေမြန်တပ်ရင်းမှ Covid-19 စစ်ဆေးပေးရာ ၎င်းတွင် Covid-19 ပိုးတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

Covid-19 ပိုးတွေ့ရသည့် လူငယ်နှင့် ထိတွေ့မိသည့် (၆)ဦးကိုလည်း ဖန်မင်ကျေးရွာအုပ်စုအတွင်းရှိ အထကခွဲ(မယ်ဟုတ်)ကျောင်းတွင် အသွားအလာကန့်သတ်ထားရှိကြောင်း သိရသည်။

ပို့တွေ့ရသည့် လူငယ်ကို တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် ထားရှိရာ ဧပြီလ(၂၀)ရက်နေ့က ထိုင်းနိုင်ငံဘက်က ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများထဲမှ ပိုးတွေ့ရသည့် (၅)ဦး အပါအဝင် ယနေ့ ဧပြီလ(၂၇)ရက်နေ့အထိ စုစုပေါင်း (၆)ဦး ရှိနေပြီဖြစ်သည်။

တာချီလိတ်မြို့သို့ အခြားဒေသမှ လာရောက်သူများကို အသွားအလာ ကန့်သတ်ခြင်း၊ Covid-19 စစ်ဆေးခြင်းများကို နိုင်ငံ့အာဏာသိမ်းခံရပြီးကတည်းက မလုပ်ဆောင်တော့ဘဲ ဖျက်သိမ်းထားရာမှ ယနေ့ ပိုးတွေ့ရသူကို မည်သည့်အစီအစဉ်ဖြင့် စစ်ဆေးသည်ကိုတော့ မသိရသေးကြောင်း နှင့် အခြားနယ်က လာရောက်သူများ Covid-19 စစ်ဆေးခံရမည်ဟု ကြေညာထားခြင်းလည်း မရှိသေးကြောင်း သိရသည်။

တာချီလိတ်မြို့ နှင့်နီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ယနေ့ ဧပြီလ(၂၇)ရက်နေ့တွင် အတည်ပြုလူနာ (၄)ဦး ထပ်တိုးသည့်အတွက် စုစုပေါင်း အတည်ပြုလူနာ (၁၀၀)ဦးတိတိ ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။