မိုးဗြဲမြို့တွင် စစ်ကောင်စီမှ လမ်းသွားလမ်းလာ ဆိုင်ကယ်အား အကြောင်းမဲ့ ပစ်ခတ်၍ လူငယ်(၁)ဦး သေဆုံး

မိုးဗြဲမြို့တွင် စစ်ကောင်စီမှ လမ်းသွားလမ်းလာ ဆိုင်ကယ်အား အကြောင်းမဲ့ ပစ်ခတ်၍ လူငယ်(၁)ဦး သေဆုံး
ဇွန် 28, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊  မိုးဗြဲမြို့တွင် ယနေ့ ဇွန်လ (၂၈)ရက်နေ့ ညနေပိုင်းက လမ်းသွားလမ်းလာ ဆိုင်ကယ် တစ်စီးအား စစ်ကောင်စီတပ်သားများမှ အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့်  အသက် (၁၈)နှစ်အရွယ်ဝန်းကျင်ရှိ လူငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။ 

ဇွန်လ (၂၈)ရက်နေ့ ညနေပိုင်းတွင် မိုးဗြဲ​​မြို့ ရေကာတာရွာနှင့် ပင်သာကျေးရွာ အကြားလမ်းပေါ်တွင် ဆိုင်ကယ် (၂)စီးဖြင့် သွားလာနေသော  လူငယ် (၂)ဦးအား စစ်ကောင်စီဖက်မှ  သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် တစ်ဦးမှာ သေနတ်ထိမှန်၍ သေဆုံးသွားပြီး တစ်ဦးမှာ လွတ်​မြောက်လာကြောင်း သိရသည်။ 

 ဒီ လွယ်ယင်းမင်္ဂလာရွာက​ပါ လူငယ်တစ်ဦးပေါ့။ သူနဲ့ သူငယ်ချင်းနဲ့က ကိစ္စတစ်ခုနဲ့ အဲ့ဖက်ကို သွားတာပေါ့။ ဆိုင်ကယ် တစ်ယောက် တစ်စီးနဲ့ပေါ့။ ဒီ ရေကာတာ ကနေ အပြန် ပင်သာနဲ့ ရေကာတာ ကြားမှာ သူတို့ကို လှမ်းပစ်တာ အခု သေသွားတဲ့ တစ်ယောက်ကိုတော့ ထိသွားပြီး ကျန်ခဲ့တယ်။ နောက်တစ်ယောက်ကတော့ နည်းနည်းထိတယ် လွတ်တာတော့ လွတ်သွားတာပေါ့။ ပစ်တာက စစ်တပ်က စစ်သားပစ်တာပါ။ အလောင်းကို ဒီညမှ သွားသယ်လာရတယ်

ဟု မိုးဗြဲမြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောသည်။ 

သေဆုံးသွားသူမှာ အသက် (၁၈)နှစ်အရွယ်ခန့် ရှိ မိုးဗြဲမြို့ လွယ်ယင်းမင်္ဂလာတွင် နေထိုင်သူ လူငယ် အမျိုးသားတစ်ဦးဖြစ်ပြီး မိုးဗြဲရေကာတာ အခြေစိုက် အမှတ် (၄၂၂)တပ်ရင်းမှ စစ်ကောင်စီ စစ်သားများမှ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည် ။ 

အဆိုပါ လူငယ်များအား ပစ်ခတ်စဥ် အနီးအနားရှိ ကျေးရွာများမှ သေနတ်ပစ်ခတ်သံများ ဆူညံစွာကြားခဲ့ရပြီး ပစ်ခတ်ခံရသူ လူငယ်မှာ လမ်းပေါ်တွင် သေဆုံးနေပြီး ချက်ချင်း အလောင်း ကောက်၍ မရဘဲ ညပိုင်းမှသာ သွားရောက် ယူဆောင်ခဲ့ရကြောင်း သိရသည်။ 

မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ် နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲ ယာယီရပ်နားထားပြီ အပစ်အခတ် မရှိသော်လည်း မြို့တွင်းနှင့် ကျေးရွာများအတွင်း စစ်ကောင်စီ တပ်သားများ လာရောက်လေ့ရှိပြီး ယနေ့ ဇွန်လ(၂၈)ရက်နေ့တွင် လမ်းသွားလမ်းလာ ပြည်သူ တစ်ဦးအား အကြောင်းမဲ့ ပစ်ခတ်ခဲ့သည်။ 

မိုးဗြဲမြို့နယ်တွင်  ဇွန်လ(၁၅)ရက်နေ့မှစ၍ ဘာသာရေးခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေး  အဖွဲ့အစည်းအချို့က ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်နှင့်  အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ယာယီ ရပ်နားထားခြင်း ဖြစ်သည်။