လားရှိုးမြို့တွင် ရက်ပေါင်း(၂၀)အတွင်း Covid-19 အတည်ပြုလူနာ (၃၀၀)နီးပါးအထိရှိနေပြီး (၇)ဦးသေဆုံး

Photo: Sai Htun Nay Hlaing
Photo: Sai Htun Nay Hlaing
လားရှိုးမြို့တွင် ရက်ပေါင်း(၂၀)အတွင်း Covid-19 အတည်ပြုလူနာ (၃၀၀)နီးပါးအထိရှိနေပြီး (၇)ဦးသေဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ဇွန်လ (၂၆)ရက်နေ့ မနက်ပိုင်း၌ Covid-19 ပိုးတွေ့လူနာ (၃၀)ဦး ထပ်တိုးတွေ့ရှိသဖြင့် ရက်ပေါင်း(၂၀)အတွင်း Covid-19 အတည်ပြုလူနာ စုစုပေါင်း (၂၉၈)ဦးအထိ ရှိနေပြီး ကုသမှုခံယူနေရင်း သေဆုံးသွားသူမှာ (၇)ဦးရှိကြောင်း သိရသည်။ 

ဇွန်လ (၂၅)ရက်နေ့က နှာခေါင်းအာခေါင်တို့ဖတ်ရယူထားပြီး စစ်ဆေးခဲ့သူများအနက် PCR စက်ဖြင့် စစ်ဆေးမှုတွင် (၂၇)ဦး ပိုးတွေ့ခဲ့ပြီး RDT ဖြင့် စစ်ဆေးမှုတွင် (၃)ဦး ပိုးတွေ့ခဲ့သည့်အတွက် ပိုးတွေ့သူ (၃၀)ဦးထပ်တိုးခဲ့ရာ ဇွန်လ (၇)ရက်နေ့မှ (၂၆)ရက်နေ့ မနက်အထိ ရက်ပေါင်း(၂၀)အတွင်း စုစုပေါင်း (၂၉၈)ဦးရှိသွားပြီဖြစ်သည်ဟု သိရသည်။

ပိုးတွေ့လူနာများပြားသည့် အမှတ် (၄)ရပ်ကွက်ရှိနေရာ အတော်များများကို ယာယီ LockDown  သကဲ့သို့ အဝင် အထွက်ပိတ်ထားသဖြင့် ၎င်းနေရာ၌ နေထိုင်ကြသူများအတွက် စားနပ်ရိက္ခာထောက်ပံ့မှုများလဲ ကူညီသူများက လုပ်ဆောင်ပေးနေရသည်ဟု သိရသည်။

ဈေးသည်များတွင် Covid-19 ပိုးတွေ့ခြင်းနှင့် ဈေးကော်မတီရုံး၊ ပြည်နယ်ဌာနခွဲ စည်ပင် စသည်တို့မှ Covid-19 ပိုးတွေ့သူများလဲရှိလာသည့် အတွက် လားရှိုးမြို့မဈေးကြီးကိုလဲ နှစ်ပတ်ကြာ ယာယီပိတ်ထားပြီး အခြားဈေးတန်းများ၊ ညဈေး၊ ဘူတာဈေး၊ ရပ်ကွက်ဈေးများနှင့် တည်းခိုခန်းများကိုလဲ ယာယီပိတ်ထားကာ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များကို  ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားချက်ထုတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လောက်ကိုင်၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သိန်းနီ၊ လားရှိုး၊ နမ္မတူ၊ မိုင်းရယ်၊ မိုးမိတ်၊ တန့်ယန်း၊ မိုင်းရယ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို စသည့်မြို့များတွင် ၂၀၂၁ ခုနှစ် ဇွန်လ၏ ရက်ပေါင်း(၂၀)အတွင်း Covid-19  ပိုးတွေ့သူ စုစုပေါင်း (၅၇၀)ကျော်သွားပြီဖြစ်သည်။

#TachileikNewsAgency