အာဏာသိမ်းစစ်တပ်အလိုကျ ဖွင့်လှစ်နေသည့် ကျောက်မဲမြို့ရှိ အထက(၄)တွင် Covid-19 ပိုးတွေ့

အာဏာသိမ်းစစ်တပ်အလိုကျ ဖွင့်လှစ်နေသည့် ကျောက်မဲမြို့ရှိ အထက(၄)တွင် Covid-19 ပိုးတွေ့
နိုဝင်ဘာ 13, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း (နမ်တုံကျောင်း)တွင်  ကျောင်းတက်နေသည့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့က  COVID 19 ပိုးစစ်ရာ ဆရာမ (၂)ဦး၌ ပိုးတွေ့ရကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့၏ ကျောင်းဖွင့်ရေးအစီအစဉ်အရ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသည့် ကျောင်းများအနက် ကျောက်မဲမြို့နယ်အတွင်း ကျောင်းတက်ဦးရေ အများဆုံးဖြစ်သည့် အမှတ်( ၄ ) အခြေခံပညာအထက်တန်းကျောင်း ( နမ့်တုံကျောင်း )ရှိ ဆရာ၊ဆရာမနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၀၉)ဦးကို ယနေ့စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကျောင်းများအနက်  အထက (၄) (နမ်တုံကျောင်း)မှာ ကျောင်းအပ်သူ ၈၀ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်စာရင်းတွင် ပါဝင်ပါက စာမေးပွဲအောင်ပေးမည်ဖြစ်၍ ကျောင်းအပ်ကြရန် ကျောင်းသားမိဘများအား စည်းရုံးမှုကြောင့် ကျောင်းအပ်သူများလည်းရှိပြီး မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းပေါင်း (၂၀၀) ကျော်အနက် ထက်ဝက်နီးပါး ပြန်လည်ဖွင့်လှစ်ထားကြောင်း သိရသည်။

ကျောက်မဲမြို့တွင် လက်ရှိအချိန်ထိ COVID 19 ကူးစက်ခံရသူ၊ သေဆုံးသူတိုးနေဆဲဖြစ်သော်လည်း အာဏာသိမ်းအဖွဲ့၏ ကျောင်းဖွင့်ရေးအစီစဉ်တွင် ကျောက်မဲမြို့နယ်တွင်းမှ ကျောင်းများကို ဖွင့်လှစ်ခိုင်းထားခြင်းဖြစ်သည်။

အလားတူ ရှမ်းပြည်မြောက်ပိုင်းရှိ မိုင်းရယ်မြို့နယ်တွင်လည်း  ဖွင့်လှစ်ထားသည့် ကျောင်းများတွင် COVID 19 စစ်ဆေးရာ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၆) ဦးတွင် နိုဝင်ဘာလ (၁၀)ရက်နေ့က ပိုးတွေ့ထားခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း COVID 19 တတိယလှိုင်းကာလ ဇွန်လ (၂၀) ရက်မှ နိုဝင်ဘာလ (၁၂) ရက်နေ့အထိ စစ်ဆေးခံသူများမှ ပိုးတွေ့လူနာစုစုပေါင်း (၁၈၀၅) ဦးအနက် သေဆုံးသူ (၉၉)ဦးရှိခဲ့သည့်အပြင် စာရင်းတွင်မပါဝင်ဘဲ မိမိအစီအစဉ်ဖြင့်  နေအိမ်တွင် စစ်ဆေးကုသသူများ၊ သေဆုံးသွားသူများလည်း ရှိခြင်းဖြစ်သည်။