ကျောက်မဲမြို့ရှိ မြို့တော်ခန်းမတွင် ရာနှင့်ချီသည့်လူအုပ်ရောက်လာပြီး မြို့ထဲလျှောက်သွားနေ၍ ဒေသခံများ စိုးရိမ်နေ

ကျောက်မဲမြို့ရှိ မြို့တော်ခန်းမတွင် ရာနှင့်ချီသည့်လူအုပ်ရောက်လာပြီး မြို့ထဲလျှောက်သွားနေ၍ ဒေသခံများ စိုးရိမ်နေ
ဇူလိုင် 13, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ရှိ မြို့တော်ခန်းမတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ( ၁၃ ) ရက်နေ့ နံနက်ပိုင်းက ခရီးသည်တင်ဘတ်စ်ကား ( ၄ )စီး ဖြင့်ရောက်လာသည့် လူအုပ်စုက မြို့တွင်းလျှောက်သွားနေကြသဖြင့် COVID 19 ကူးစက်ပျံ့ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ဇူလိုင်လ (၁၃) ရက်နေ့ နံနက် ( ၁၀ )နာရီဝန်းကျင်က ကျောက်မဲမြို့အမှတ်(၁)ရပ်ကွက်၊ ပင်လုံလမ်းမကြီးနံဘေးရှိ မြို့ကျက်သရေဆောင်ခန်းမသို့   ရန်ကုန် - လားရှိုး ခရီးသည်တင် Express မော်တော်ယာဉ် (၄) စီးဖြင့် ရောက်လာသည့် ခန့်မှန်း ရာနှင့်ချီမည့် လူအုပ်ကြီးကို ကျောက်မဲမြို့တော်ခန်းမတွင် နေရာချထားပေးသည်ကို တွေ့ရသည်။

အဆိုပါလူအုပ်ကြီးမှာ မည်သည့်အဖွဲ့မှ မည်သည့်အတွက် ရောက်လာသည်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ Mask မတပ်ဘဲ မြို့တွင်း အုပ်စုလိုက်သွားလာနေကြသည်ကို တွေ့ရသဖြင့် ဒေသခံများ စိတ်ပူနေကြကြောင်း သိရသည်။

ကျောက်မဲမြို့အတွင်း ဇူလိုင်လ ( ၁၃ ) ရက်ညနေပိုင်းအထိ COVID 19 အတည်ပြုလူနာ (၁၁၆) ဦးရှိနေပြီး မြို့နယ်အတွင်း အတည်ပြုလူနာ (၁၉၇)ဦးရှိနေပြီဖြစ်၍ COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးနေရာများအား ပိတ်ခိုင်းထားသည့် ဒေသဖြစ်သည်။