Covid-19 အတည်ပြုလူနာ ကူးစက်မှုများနေသည့် ချင်းရိုင်းနှင့်မယ်ဆိုင်တို့တွင် မြန်မာဘက်က အလွတ်သဘောဆွေးနွေးရန် နှင့် ဂေါက်ရိုက်ရန် သွားရောက်

Covid-19 အတည်ပြုလူနာ ကူးစက်မှုများနေသည့် ချင်းရိုင်းနှင့်မယ်ဆိုင်တို့တွင် မြန်မာဘက်က အလွတ်သဘောဆွေးနွေးရန် နှင့် ဂေါက်ရိုက်ရန် သွားရောက်
ဇွန် 25, 2021 | ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့မှ စစ်ဘက် နယ်ဘက် ဌာနဆိုင်ရာများသည် ယနေ့ ဇွန်လ(၂၅)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်အချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ မြန်မာ - ထိုင်း အလွတ်သဘောဆွေးနွေးရန်နှင့် ဂေါက်ရိုက်ရန်အတွက် သွားရောက်ကြောင်း လိုက်ပါသွားသည့်အဖွဲ့ထံက သိရသည်။

ဆွေးနွေးပွဲကို မယ်ဆိုင်မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲပြီးပါက ချင်းရိုင်းတွင် ဂေါက်သွားရိုက်ရန်အတွက် ဌာနဆိုင်ရာများအပြင် စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်များလည်း ပါသွားကြောင်း သိရသည်။

ချင်းရိုင်းခရိုင်ကျန်းမာရေး၏ ထုတ်ပြန်ချက် [24.6.2021]

တာချီလိတ်မြို့နှင့်အနီး မယ်ဆိုင်မြို့တွင် ယနေ့ ဇွန်လ(၂၅)ရက်နေ့ နံနက်(၈)နာရီအချိန် မယ်ဆိုင်ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ Covid-19 အတည်ပြုလူနာ (၆)ဦးထပ်တိုး၍ စုစုပေါင်း အတည်ပြုလူနာ (၂၄၄)ဦးအထိ ရှိနေပြီး (၃)ဦး သေဆုံးထားကြောင်း သိရသည်။

မယ်ဆိုင်ကျန်းမာရေး၏ ထုတ်ပြန်ချက် [25.6.2021]

ချင်းရိုင်းတွင်လည်း ဇွန်လ(၂၄)ရက်နေ့၏ ဓါတ်ခွဲအဖြေအရ Covid-19 အတည်ပြုလူနာ (၄၁)ဦးအသစ်ထပ်တိုးရာတွင် မယ်ဆိုင်မြို့မှ (၁)ဦး ပါဝင်ကြောင်းနှင့် ချင်းရိုင်းခရိုင်တစ်ခုလုံးအနေဖြင့် အတည်ပြုလူနာ (၈၆၈)ဦးအထိရှိကြောင်း သိရသည်။

ချစ်ကြည်ရေးအမှတ်(၁)တံတား ပိတ်ထားသော်လည်း တာချီလိတ်ဘက်က စစ်ဘက်နှင့်နယ်ဘက် ဌာနဆိုင်ရာများသည် ပုဂ္ဂိုလ်ရေးအရ နားလည်မှုဖြင့် ချစ်ကြည်ရေးတံတား(၂)ကနေ မယ်ဆိုင်ဘက်သို့ မကြာခဏသွားရောက်လေ့ရှိကြောင်း သိရသည်။

#TachileikNewsAgency