တာချီလိတ်မြို့အဝင် မယ်ယန်း Covid-19 စစ်ဆေးရေးစခန်းကို ဖျက်သိမ်း

တာချီလိတ်မြို့အဝင် မယ်ယန်း Covid-19 စစ်ဆေးရေးစခန်းကို ဖျက်သိမ်း
မတ် 9, 2021 | ရှမ်းရှေ့

 နိုင်ငံတော်အာဏာသိမ်းခံရသည့်နေ့မှစ၍ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိတော့သဖြင့်  ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့အဝင်ရှိ မယ်ယန်းကိုဗစ်စစ်ဆေးစခန်းကို ၂၀၂၁ ခုနှစ် မတ်လ (၉) ရက်နေ့၌ ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

တာချီလိတ်မြို့ ကိုဗစ်ကာကွယ်ရေးအတွက် မြို့အဝင်မယ်ယန်းတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်ရေးအတွက် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပြီးနောက် သက်ဆိုင်ရာဌာနများ၊ မဇ္ဇျိမလူမှုကူညီရေးအသင်းအပါအဝင် လူမှုကူညီရေးအဖွဲ့အစည်းများ၊ volunteer များ၊ ဒေသခံအလှူရှင်များ ပူးပေါင်းပါဝင်ပြီး တာချီလိတ်မြို့တွင်း ကိုဗစ်ကူးစက်ပျံ့နှံ့မှုကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးစခန်းကို ဖွင့်လှစ်ပြီး ပြည်နယ်ပြင်ပမှလာသူများအား စိစစ်၍ ကိုဗစ်စစ်ဆေးခြင်းများကို လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူရွေးကောက်ထားသည့်အစိုးရအား ဖမ်းဆီးပြီး နိုင်ငံတော်အာဏာသိမ်းလိုက်ပြီးနောက် တာချီလိတ် မယ်ယန်းကျန်းမာရေးစစ်ဆေးဂိတ်အတွက် အဓိကကူညီဆောင်ရွက်ပေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေအား ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း ကိုဗစ်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိတော့သည်ကို တွေ့ရပြီး CDM လုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ဖမ်းဆီးထိန်းသိမ်းခြင်း၊ ဆေးရုံများတွင် စစ်တပ်က ဝင်ရောက်တပ်စွဲခြင်းများ လုပ်နေသည့် အာဏာသိမ်းအဖွဲ့က ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်မည်ဟု ပြောထားသည်ကို တွေ့ရသည်။

Tachileik News Agency