ဒီမော့ဆိုမြို့ အရှေ့ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအပေါ် အာဏာသိမ်းစစ်တပ်က ဖိအားပေး ဖယ်ရှားခိုင်းနေမှု အခြေအနေ

ဒီမော့ဆိုမြို့ အရှေ့ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအပေါ် အာဏာသိမ်းစစ်တပ်က ဖိအားပေး ဖယ်ရှားခိုင်းနေမှု အခြေအနေ
ဇွန် 24, 2021 | ကယား| အင်တာဗျူး
By Tachileik News Agency

 ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် စစ်အာဏာရှင်ကို တွန်းလှန်နေသည့် KNPDF တို့ကြား တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများကို စစ်ရှောင်စခန်းများမှ ထွက်ခွာရန် အာဏာသိမ်းစစ်ကောင်စီတပ်က အတင်းအကြပ်ဖိအားပေးနှင်ထုတ်နေ၍ ဒေသခံများလက်ရှိကြုံနေရသည့် အခြေအနေများကို တာချီလိတ်သတင်းအေဂျင်စီက ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် ဆက်သွယ် မေးမြန်းထားပါသည်။

TNA ။    ။ အခုတလော ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ စစ်ရှောင်တွေ ပိုများလာတယ်လို့ ကြားရပါတယ်။ အခု ဒီးမော့ဆိုအရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ လက်ရှိအခြေနေလေးကို အရင်ဆုံးပြောပြပေးပါ ခင်ဗျ။ 

ဖြေ ။    ။ ဟုတ်ကဲ့။ ကျွန်တော်တို့ ဒီလ (၂၁) ရက်နေ့က ထီးဖိုးကလိုးအုပ်စု၊ ဒေါလျားခူကျေးရွာ၊ ထီးသဲကလိုးကျေးရွာ နောက် တနီးလာလဲကျေးရွာပေါ့နော်။ အဲဒီနား တစ်ဝိုက်မှာ စစ်သားတွေက တစ်ရွာပြီး တစ်ရွာသွား၊ တောထဲမှာ လှည့်ပတ်သွားနေတာပေါ့နော်။ လှည့်ပတ်သွားရင်းနဲ့ တောထဲမှာရှိနေတဲ့ ဒီစစ်ရှောင်တွေ သူတို့ရွာမှာ ပြန်နေဖို့ အတင်းမောင်းပြန်တယ်။ အဲဒီတော့ တစ်ချို့ရွာသားတွေက ကြောက်ရွံ့ပြီးတော့မှ မဖြစ်မနေ ပြန်လာရတဲ့ အနေအထားမျိူး ရှိတယ်။ တစ်ခြားနေရာ ရွှေ့ဖို့ဆိုလည်း ရွှေ့ဖို့နေရာမရှိတော့ဘူး တောထဲမှာက။ အဲဒီတော့ ရွာထဲမှာ တစ်ချို့ပြန်လာတယ်။ ပြန်လာတော့ ရွာမှာမနေဘဲနဲ့ လွိုင်ကော်မှာ သွားနေမယ်ဆိုပြီးမှ ကပျာကယာ ပြင်ဆင်မှုတွေ လုပ်ကြတယ်။ ဘာလို့ လွိုင်ကော်မှာ သွားနေကြလဲဆိုတော့ ဟိုဖက်မှာက အေချမ်းတယ်တဲ့။ ဘာမှမဖြစ်ဘူးတဲ့။ အဲဒီလို သတင်းရထားတော့ သွားကြတာ များတာပေါ့နော်။ အခုရွာထဲမှာဆိုရင် ရွာသားတွေက မနေရဲဘူး။ ပြီးတော့ တောထဲမှာ စစ်သားတွေ ရောက်သွားတဲ့အချိန်မှာ ရိုးရိုး မောင်းပြန်တာမျိုးမဟုတ်ဘဲနဲ့ စစ်ရှောင်တွေရဲ့ ပိုင်ဆိုင်မှုတွေပေါ့နော် ပစ္စည်းတွေပေါ့။ ဥပမာ ဆိုလာပြားတို့၊ နောက် ချက်ပြီးသား ထမင်းအိုးတွေ၊ တည်ပြီးသား ရေးနွေးအိုးတွေ အဲဒီလိုမျိူးတွေ သူတို့လုယူသွားတာမျိုးလည်းရှိတယ်။ ကျွန်တော်တို့ အခုဖြစ်နေတာက အဲဒါတွေပေါ့။ 



TNA ။    ။ လက်ရှိ စစ်ရှောင်တွေကို ရွာထဲတွေမှာ ပြန်နေခိုင်းတယ်ဆိုတော့ စစ်ရှောင်တွေက စခန်းတွေကနေ ရွှေ့ပြောင်း​နေကြရတာနဲ့ ပတ်သက်ပြီး ဘာအခက်ခဲတွေနဲ့ ကြုံနေရလဲ။ 



ဖြေ ။    ။ ဟုတ်ကဲ့။ အဓိကကတော့ လုံခြုံရေးလမ်းကြောင်းပေါ့။ ကျွန်တော်တို့ ဒီးမော့ဆို - လွိုင်ကော် လမ်းတစ်လျှောက်မှာ စစ်သားတွေရှိတွေ။ ဂိတ်တွေ လုပ်ထားတာရှိတယ်။ အဲဒီတော့ သွားလာဖို့အတွက် ကျွန်တော်တို့ ကြောက်တာပေါ့နော်။ အဲဒီတော့ ဘုန်ကြီးကားတွေ အကူညီ​တောင်းပြီးတော့မှ သွားရတယ်။ တစ်ချို့ဆို စွန့်စွန့်စားစားနဲ့ကို သွားရတဲ့ အနေထားတွေရှိတယ်ပေါ့နော်။ တစ်ချို့ဆို ဘုန်ကြီးကားတွေက ကားပြည့်သွားတယ်။ နောက်သူတို့လိုက်သွားဖို့လည်း ကိုယ်ပိုင်ကားတွေ၊ ဆိုင်ကယ်တွေလည်း မရှိဘူးဆိုတော့ ကြောက်ကြောက်နဲ့ ရွာထဲမှာ နေခဲ့တဲ့သူလည်း တစ်ချို့ ရှိတယ်။ အဲဒီလိုမျိုး အခြေအနေပေါ့နော်။ ကျွန်တော်တို့ ဒါမြေပြင်မှာ ကြုံနေရတဲ့ အခက်အခဲပေါ့။ 

TNA ။    ။ သက်ကြီးရွယ်အိုတွေ၊ မီးဖွားထားတဲ့သူတွေပါ ရှိနေတယ်ဆိုတော့ သူတို့အတွက်ရော ဒီရွှေ့ပြောင်းရေးတွေနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ကိုင်နေရလဲ။ 

ဖြေ ။    ။ ဟုတ်ကဲ့။ အဲဒီလူတွေအတွက် အခက်အခဲရှိတယ်။ အဓိက ကလေးတွေ၊ နောက်သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ ပါတယ်။ ဒီသက်ကြီးရွယ်အိုထဲမှာမှ လေဖြတ်ထားတဲ့သူတွေလည်း ပါတယ်။ အဲဒီလိုမျိုးကျတော့ ကျွန်တော်တို့ တစ်နေရာနဲ့ တစ်နေရာ ရွှေ့ပြောင်းဖို့လုပ်တဲ့အခါမှာ အရမ်းခက်ခဲတယ်။ ခုနပြောသလိုမျိူး သွားဖို့လာဖို့ ကိုယ်ပိုင်ကားတွေ ဆိုင်ကယ်တွေမရှိဘူး။ လာကြိုတဲ့ကားတွေလည်း ပြည့်သွားတဲ့ခါကျတော့ အဲဒီလူတွေ ရွှေ့ဖို့က အရမ်းအခက်အခဲ ဖြစ်တယ်ပေါ့နော်။ နောက်ကျွန်တော်တို့ ဆေးဝါးပေါ့။ ဆေးဝါးဆိုရင်လည်း တစ်ချို့ပဲ ရောက်တယ်။ ကျွန်တော်တို့ဖက်မှာ ဆရာဝန်က အချိန်ပြည့်မလာနေနိုင်ဘူးပေါ့နော်။ ဆေးဆရာ၊ ဆရာမတွေလည်း အချိန်ပြည့်မရှိနိုင်တဲ့အတွက် ဆေးဝါးကုသမှုအပိုင်းမှာလည်း ကျွန်တော်တို့ အခက်အခဲတွေရှိတယ်ပေါ့။ 

TNA ။    ။ ဟုတ်ကဲ့။ စစ်ရှောင်စခန်းတွေကိုလာပြီး စစ်တပ်ဖက်က ရွာတွေ ပြန်ခိုင်းတယ်ဆိုတော့လေ အဲဒီဖက်မှာ ရှိတဲ့ စစ်ရှောင်စခန်းတွေက အခု ရွာတွေမှာ ပြန်နေကြပြီလား။ ဘယ်လို အခြေအနေရှိကြလဲခင်ဗျ။ 

ဖြေ ။    ။ အခုမဖြစ်မနေ ပြန်တယ်ဆိုတဲ့သူတွေက စစ်သားတွေရောက်တဲ့ စစ်ရှောင်စခန်းတွေက လူတွေပဲ ပြန်လာကြတယ်။ ဟိုးအဝေးကြီး စစ်ရှောင်စခန်းတွေကျတော့ စစ်သားတွေ မရောက်နိုင်ဘူးပေါ့။ အဲဒီလို နေရာတွေမှာကတော့ ဆက်နေ​နေတယ်ပေါ့။ အခုက စစ်ရှောင်တွေက အပိုင်း (၃) ပိုင်း ဖြစ်သွားတယ်။ တောထဲမှာနေတဲ့သူရှိတယ်။ လွိုင်ကော်ကို သွားဖို့လာဖို့ မရှိတဲ့သူတွေကျတော့ ရွာမှာ ကြောက်ကြောက်ရွံ့ရွံ့နဲ့ နေနေတဲ့သူရှိတယ်။ သွားဖို့လာဖို့ ရှိတဲ့သူတွေကျတော့ မြို့ပေါ်လွိုင်ကော်ထိ ရောက်သွားတဲ့သူတွေ ရှိတယ်ပေါ့နော်။ 

TNA ။    ။ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ ဆရာဝန်တွေလည်း အမြဲ မလာပေးနိုင်ဘူး ဆိုတော့ တောထဲမှာရှိနေတဲ့ စစ်ရှောင်တွေအတွက် ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ။ ဘာတွေလုပ်ပေးဖို့ လိုအပ်နေတာလဲ။ 

ဖြေ ။    ။ ဖြစ်နိုင်ရင် ဒီတောထဲမှာ ကျန်ခဲ့တဲ့သူတွေအတွက်က မိုဘိုင်း (ရွေ့လျား)ပုံစံမျိုးပေါ့နော်။ နယ်လှည့် သွားပေးနိုင်ရင် ပိုကောင်းတယ်။ ဟိုအရင်တုန်းကတော့ သွားတဲ့အဖွဲ့ တစ်ဖွဲ့တော့ရှိတယ်။ ဒါပေမဲ့ အကုန်မရောက်နိုင်ဘူးး။ ရက်တိုင်းလည်း မသွားပေးနိုင်ဘူး။ ပြီးရင်ရွာထဲမှာ ကျန်ခဲ့တဲ့ဆရာဝန်ကလည်း အချိန်ပြည့် မလာပေးနိုင်ဘူး။ ရွာထဲမှာ ကျန်ခဲ့တဲ့ စစ်ရှောင်တွေအတွက်ဆိုရင်လည်း အနည်းဆုံး ကျန်းမာရေးဝန်ထမ်း တစ်ယောက်ယောက်ပေါ့နော်။ အချိန်ပြည့်ပေါ့။ အဲဒီလို ရှိရင်ပိုကောင်းတာပေါ့။ ဒီနေ့တော့ ဆရာဝန်တစ်ဖွဲ့လာသွားတယ်။ လာပြီး ချက်ချင်း နေ့ခင်းပြန်သွားတယ်။ အဲဒီလိုမျိုးဖြစ်တယ်ပေါ့နော်။ အဲဒီတော့ ဒီရက်အတွက်ပဲ အဆင်ပြေတယ်။ နောက်ရက်တွေမှာ ဘာဆက်ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့လည်း ကြိုတင်မခန့်မှန်းနိုင်ဘူးလေ။ အဲဒီတော့ အချိန်ပြည့် ပုံစံမျိုး လာနေပေးနိုင်ရင် ကျွန်တော်တို့အတွက် ပိုအဆင်ပြေနိုင်မယ်ဗျ။ 

TNA ။    ။ စစ်ကောင်စီနဲ့ KNDF တို့ ယာယီအပစ်ရပ်တယ်လို့ ကြေညာပြီးတဲ့နောက်မှာ နေရပ်ကို တစ်ချို့ပြန်လာနေကြပြီး နောက်တစ်ခေါက်ထပ်ပြီး စစ်ရှောင်ရတယ်လို့ကြားတယ်။ ဘယ်လို အခြေနေမျိုးကြောင့် ထပ်ပြီး စစ်ရှောင်ရတာလဲ။

ဖြေ ။    ။ ကျွန်တော်တို့က နိုင်ငံရေးကို နားမလည်ပါဘူး။ ဒါပေမဲ့ လက်လှမ်းမီသလောက်ဆို  အပစ်အခတ်ရပ်စဲ မှုလုပ်တယ် ပြောတဲ့အချိန်မှာ ကျွန်တော်တို့ ကြားရသလောက်တော့ ဒီဘာသာရေးခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တစ်ချို့ကခေါင်းဆောင်တွေ ကြားဝင်ညှိနှိုင်း စေ့စပ်ပေးမှုနဲ့ ငြိမ်းချမ်းရေးယူတယ်လို့ ပြောတယ်။ အဲဒီတော့ အခုလက်ရှိ မြေပြင်မှာဖြစ်နေတာက ငြိမ်းချမ်းရေးယူတယ်လို့ ပြောပြီးတော့မှ ဒီးမော့ဆိုမြို့ပေါ်မှာရယ်၊ နောက် ဒီးမော့ဆိုအနောက်ဖက်ခြမ်းကတော့ စစ်သားတွေ အသွားအလာမရှိသလောက် ဖြစ်သွားတယ်။ ငြိမ်းချမ်းသလိုတော့ ဖြစ်သွားတယ်။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ကယားအများစုနေတဲ့ရွာတွေမှာတော့ စစ်သားတွေက လာဖိသလိုမျိုး ဖြစ်နေတယ်။ ကျွန်တော့်တစ်ယောက်တည်း အမြင်ပေါ့နော်။ ကယားလီဖုလူငယ်က ဒီ KNDF ရဲ့ ထုတ်ပြန်ချက်က သူတို့နဲ့ မသက်ဆိုင်ကြောင်း ထုတ်ပြန်တာလည်း တွေ့တယ်။ အဲဒီလို ထွက်လာတာကြောင့်များ ကယားရွာတွေဖက် ဖိလာသလားလို့ ခံစားမိတယ်ပေါ့နော်။ ဒါက လက်ရှိ ကျွန်တော့်ရဲ့ ကိုယ်ပိုင် သုံးသပ်ချက်ပါ။ 

TNA ။    ။ စစ်ရှောင်တွေက အပစ်ရပ်လို့ နေရပ်ပြန်လာပြီးမှ ထပ်ထွက်ပြေးရတယ်လို့ သိရတော့ ဘယ်လို ကြောင့်လဲခင်ဗျ။ 

ဖြေ ။    ။ ဟုတ်တယ်။ ဒီးမော့ဆိုမြို့ပေါ်ကနေ စပြီးတော့မှ တဖြေးဖြေး ဒီးမော့ဆို အရှေ့ဖက်ခြမ်းကို တစ်ရွာပြီးတစ်ရွာပေါ့နော်။ ပါဒေါဒူ အဲဒီကနေ ဒေါခူလီ အဲဒီကနေ ဒေါတဒါး ပြီးတော့ ထီးဖိုးကလိုး ၊ ဖဲလျား၊ ထီးသဲကလိုး ဒေါလျားခူ အဲဒီလိုမျိုး တစ်ရက်ပြီးတစ်ရက် တစ်ရွာပြီးတစ်ရွာ သူတို့ကူးသွားတယ်။ အင်အားလည်း များတယ်။ အဲဒီတော့ ရွာသားတွေက တွေ့ပြီးတော့မှ ဘယ်သူမှ ရွာထဲမှာ မနေရဲတော့ဘူး။ အဲဒါကြောင့်မို့ အကုန်လုံး တောထဲ ကို ထွက်ပြေးကြတာ။ ရွာထဲမှာနေတယ်ဆိုလို့ရှိရင်လည်း တစ်ခုခု လုပ်မှာ ကြောက်တာပေါ့။ သူတို့ (အာဏာသိမ်းစစ်တပ်) ခိုင်းမှာတို့၊ ပေါ်တာဖမ်းမှာတို့ အဲဒီလိုကြောက်တယ်လေ။ 

TNA ။    ။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်ကရောက်လာပြီး စစ်ရှောင်တွေရဲ့ အထိုင်ဆေးခန်းမှာ တပ်စွဲသွားတယ်လို့ သိရပါတယ်။ အခုအခြေနေကကော ဘယ်လိုရှိနေလဲ။ 

ဖြေ ။    ။ အဲဒါက ကျွန်တော်တို့ စစ်ရှောင်တွေအတွက် အထိုင်ဆေးခန်းတောထဲမှာ သွားလုပ်တယ်ပေါ့နော်။ ရွာထဲမှာဆို သူတို့အချိန်မရွေးဝင်ပြီး တစ်ခုခု လုပ်နိုင်တယ်ဆိုတာသိတော့ ကျွန်တော်တို့ တောထဲမှာ သွားလုပ်ထားတာကို ဘယ်လို သတင်းရလဲမသိဘူး။ တောထဲအထိ ရောက်ပြီးတော့မှ ဒီဆေးခန်းကို လာဝင်စီးလိုက်သလိုမျိုး ဖြစ်သွားတာပေါ့။ အဲဒီမှာ ကျွန်တော်တို့ စစ်ရှောင်တွေအတွက် ဆေးဝါးကုသမှုအပိုင်းမှာ အများကြီး အခက်အခဲ ဖြစ်သွားတာပေါ့။ ဒီဆေးခန်းနေရာမှာ ကျွန်တော်တို့ မလာရဲတော့ဘူးပေါ့။ ကျွန်တော်တို့ သုံးသပ်တာတော့ ဒါက ဒလံကြောင့်လို့ပဲ ထင်တယ်လေနော်။ ဒီဆေးခန်းတွေလည်း သိတယ်။ ဘယ်မှာ၊ ဘယ်အိမ်မှာ ဘာရှိတာဆိုတာလဲ အကုန်သိနေသလို ဖြစ်နေတယ် စစ်သားတွေက။ အဲဒါကြောင့် ကျွန်တော်တို့ ဒီပိုင်ဆိုင်မှုတွေ၊ စစ်ရှောင်တွေရဲ့ ဆေးဝါးတွေ ဆုံးရှုံးတာမျိုးတွေရှိတယ်လေနော်။ 

TNA ။    ။ ဟုတ်ကဲ့ အခုလက်ရှိမှာရော စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေ၊ ဆေးဝါးအကူညီတွေ လိုအပ် နေသေးလား။ ဘာတွေအဓိက လိုအပ်နေတာလဲ။ 

ဖြေ ။    ။ ဟုတ်ကဲ့ လိုနေပါတယ်။ ကျွန်တော်တို့ ဒီးမော့ဆို အရှေ့ဖက်ခြမ်းက ဒေါဖုအုပ်စုတို့၊ ဒေါတမကြီးအုပ်စုတို့ဆိုရင် အဲဒီဖက်မှာက စပါးမစိုက်ဘူးလေ။ ဆန်မထွက်ဘူးပေါ့။ ဆန်မထွက်တော့ ဒီလို အရှေ့ဖက်အခြမ်းဖြစ်လာတဲ့ အခါမှာ ဆန်သွားဝယ်ဖို့ ရိက္ခာသွားဝယ်ဖို့ဆိုတာ အခက်အခဲအများကြီးရှိတယ်။ အဲဒီတော့ ဒီဖက်မှာ ရိက္ခာခြောက်တွေ လိုအပ်တယ်။ ဘာလို့ဒီမှာ ပိုလိုအပ်လဲဆိုတော့ ဒီထီးဖိုးကလိုးအုပ်စုမှာရှိတဲ့ စစ်ရှောင်တွေက ဒီမှာမနေရဲတဲ့အခါကျတော့ တောထဲမှာ တစ်ချို့သွားတာရှိသလို ဟိုဖက်အုပ်စုပေါ့ ဒေါဖုအုပ်စုတို့ ၊ ဒေါတမကြီးအုပ်စုတို့ဖက် ကူးသွားတဲ့သူတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့ အရှေ့ဖက်ကနေပြီးတော့ပေါ့။ အဲဒီလိုမျိုးဆိုတော့ ရိက္ခာခြောက်တွေ၊ ဆန်တွေ အများကြီးလိုအပ်နေပါတယ်။ 

TNA ။    ။ ဟုတ်ကဲ့။ ဒီးမော့ဆို အရှေ့ဖက်ခြမ်းမဟုတ်တဲ့ တစ်ခြား စစ်ရှောင်ဖက်ကရော ဘယ်လို အခက်အခဲတွေရှိနေတယ်လို့ သိထားပါသလဲ။

ဖြေ ။    ။ တစ်ခြားစစ်ရှောင်စခန်းအခြေအနေကတော့  ကျွန်တော်တို့နဲ့ သိပ်အချိတ်အဆက်မရှိဘူး။ ကျွန်တော်တို့ရဲ့ ဒီးမော့ဆို အရှေ့ဖက်ခြမ်းဖက်ပဲ အာရုံစိုက်နေရတော့ တစ်ခြား အနောက်ဖက်ခြမ်းတို့ ဘာတို့နဲ့ အချိတ်ဆက် သိပ်မရဘူးဗျ။ 

TNA ။    ။ စစ်ဘေးရှောင်ပြည်သူ တစ်ယောက်အနေနဲ့  စစ်တိုက်နေတဲ့သူတွေကို ဘာသတင်းစကားပြောချင်ပါသလဲ။ 

ဖြေ ။    ။ အပစ်အခတ်ရပ်စဲမှုလုပ်တယ်လို့ သူတို့နှစ်ဖက်သဘောတူတယ်လို့ ကြားတယ်လေ။ တကယ်သာ အပစ်အခတ်ရပ်စဲမှုလုပ်ရင် အခုလို စစ်ကြောင်းထိုးစရာ အကြောင်းမရှိဘူးလေနော်။ အားလုံး ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးပေါ့။ ရွာသားတွေကလည်း ရွာထဲမှာပဲ နေရမယ်။ စစ်တပ်ဆိုရင်လည်း စစ်တပ်ဖက်မှာပဲ နေရမယ်။ သူ့နေရာနဲ့သူ နေရမှာပေါ့။ ဒါမှ အေးအေးချမ်းချမ်း ဖြစ်မှာပေါ့နော်။ အခုက အဲဒီလိုမဟုတ်ဘူး။ ပြောင်းပြန်ကြီး ဖြစ်နေတယ်။ အပစ်အခတ်ရပ်စဲမှုလုပ်တယ်ပြောပြီး သူတို့ကိုယ်၌က စစ်ကြောင်းထွက်ပြီးတော့မှ ပြည်သူလူထုကို ကြောက်လန့်အောင် လိုက်လုပ်နေသလိုမျိုး ဖြစ်တယ်။ 

TNA ။    ။ စစ်ရှောင်တွေအနေနဲ့ ဘာတွေစိုးရိမ်နေလဲ။ 

ဖြေ ။    ။ စိုးရိမ်မှုတွေ ရှိတာပေါ့။ ကျွန်တော်တို့ အလိုချင်ဆုံးက ငြိမ်းချမ်းဖို့ပဲလေ။ တိုက်ပွဲဖြစ်တာ တစ်ယောက်မှ ကောင်းကျိုးမရှိဘူး။ အကုန်လုံး လူတွေသေကြေပျက်ဆီးတယ်။ ပစ္စည်းတွေ၊ အဆောက်အဦးတွေ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးတယ်။ အဲဒီလိုမျိုးတွေပဲ ပြန်ရတယ်။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင်စားသောက်ရတာမျိုးပဲ လိုချင်တာပေါ့။ 

TNA ။    ။ နောက်ထပ် ဘာများထပ်ပြီး ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ ။    ။ ကျွန်တော်တို့ ဖြစ်စေချင်တာကလေ အကယ်၍ တိုက်ခိုက်မှု လုပ်မယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်ပြိုင်နက်တည်း လုပ်တာမျိုး ကောင်းတာပေါ့။ အခုက ကယားမှာလုပ်လိုက်၊ မင်းတပ်မှာလုပ်လိုက် အခုဆို မန္တလေးမှာဖြစ်လိုက်နဲ့ ကွက်ကျားကွက်ကျား ဖြစ်တဲ့အခါကျတော့ စစ်ကောင်စီတွေအတွက်ဆို အေးဆေးဆေးပဲ။သူတို့ အင်အားအများကြီးနဲ့ ဖြစ်တဲ့နေရာကို လှမ်းပို့လိုက်တယ်ပေါ့လေ။ အကယ်၍ တစ်နိုင်ငံလုံး အတိုင်းတာနဲ့သာ အဲဒီလို ပြန်ပြီးဖြစ်ခဲ့မယ်ဆိုလို့ချင်ရင် အခုလိုအခြေအနေမျိုး ကျွန်တော်တို့ ဒေသတစ်ဖက်တည်းကို အသာဖိတဲ့ ပုံမျိုးမရှိနိုင်လောက်ဘူး ကျွန်တော်ထင်တယ်။အကယ်၍ လုပ်မှာဆို အားလုံး တစ်နိုင်ငံလုံး အတိုင်းတာနဲ့ တစ်ပြိုင်နက်တည်း အဲဒီလိုလုပ်ရင် ပိုကောင်းတယ်လို့ပဲမြင်တယ်။



ကျေးဇူးတင်ပါတယ်။