တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လွိုင်ကော်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လွိုင်ကော်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
ဧပြီ 16, 2023 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်အတွင်း လွိုင်ကော်မြို့၏ အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာသိမ်းစစ်ကောင်စီတပ်သည် သင်္ကြန်အတက်နေ့ အကူးပိုင်းအချိန်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်သွားကြောင်း သိရသည်။

"နံနက်(၂)နာရီအချိန်မှာ စစ်ကောင်စီက လွိုင်ကော် လွိုင်ကော်အရှေ့ဘက်ခြမ်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်။ (၃)နေရာလောက်ကို ဗုံးကြဲသွားတယ်။ တိုက်ပွဲတွေမရှိဘဲ ဒီတိုင်း ဗုံးကြဲတိုက်ခိုက်သွားတာ။"ဟု  KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency ကို ပြောသည်။

လွိုင်ကော်မြို့၏ အရှေ့ဘက်ခြမ်းအတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှု ရှိ မရှိကိုတော့ မသိရသေးပေ။

အာဏာသိမ်းစစ်ကောင်စီတပ်သည် သင်္ကြန်အကြတ်နေ့၏ နေ့လည်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လွိုင်ကော်မြို့၏ အရှေ့ဘက်ခြမ်းကို လက်နက်ကြီးများဖြင့် လှမ်း၍ အဆက်မပြတ် ပစ်ခတ်မှုများ လုပ်ဆောင်ကြောင်းလည်း သိရသည်။