ဖရူဆိုမြို့၏ အနောက်ဖက်ခြမ်း ဟိုယာ၊ ဘီယာဒေသို့ အာဏာသိမ်းစစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် ဝင်ရောက်လာ

ဖရူဆိုမြို့၏ အနောက်ဖက်ခြမ်း ဟိုယာ၊ ဘီယာဒေသို့ အာဏာသိမ်းစစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် ဝင်ရောက်လာ
ဇူလိုင် 22, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ဟိုယာ၊ ဘီယာ ဒေသသို့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့ နံနက်ပိုင်းမှစ၍ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာ​ကြောင်း သိရသည်။ 

ဇူလိုင်လ (၂၂) ရက်နေ့ နံနက်ပိုင်းမှစ၍ ဟိုယာ၊ ဘီယာဒေသသို့ အာဏာသိမ်းစစ်ကောင်စီတပ်၏ အင်အား (၁၅၀) နီးပါးပါသော တပ်ဖွဲ့များက ကျေးရွာထဲအထိ ရောက်ရှိလာပြီး တပ်ချရပ်နားနေခြင်းကြောင့် ဒေသခံကျေးရွာသားများ စိုးရိမ်လျှက်ရှိကြောင်း သိရသည်။ 

ခုလက်ရှိမှာ ရွာထဲရုတ်တရက် ရောက်လာပြီးတော့ အိမ်တွေပေါ်မှာဝင်နေပြီး ထမင်းချက်စားတာတွေ လုပ်နေတယ်။ ရွာသားတွေကတော့ ကြောက်နေတယ်။ ရုတ်တရက် ရောက်လာတာဆိုတော့ ရှောင်လို့လည်း မရဘူး။ ဒေသခံတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေမို့ ဒီဖက်ကို အာရုံစိုက်ပေးကြဖို့လိုပါတယ်။

ဟု  ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

စစ်ကောင်စီတပ်၏ အင်အား (၁၅၀) နီးပါးမှာ ဟိုယာ ၊ ဘီယာ ကျေးရွာများသို့ အဖွဲ့များခွဲကာ ဝင်ရောက်လာခြင်းဖြစ်ပြီး အဆိုပါ လမ်းတစ်လျှောက်တွင်လည်း စစ်ကြောင်းများခွဲ၍ ထပ်မံ လာရောက်နေသေးသော အဖွဲ့များလည်း ရှိနေပြီး ကျေးရွာထဲသို့ ဝင်ရောက်လာသော အဖွဲ့များမှာ နေအိမ်များပေါ်သို့ ဝင်ရောက်ကာ တပ်ချနား၍ ထမင်းချက်စားခြင်းများပါ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံများမှ ကြောက်လန့်နေကြကြောင်း သိရသည်။ 

ဇူလိုင်လ (၁၈) ရက်နေ့မှစ၍ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ ၊ ကလိလျားကျေးရွာများဖက်သို့ စစ်ကောင်စီတပ်များ စတင်ဝင်ရောက်လာပြီး အဆိုပါကျေးရွာများအနီး အင်အားအများအပြားဖြင့် တပ်စွဲကာ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း တစ်လျှောက်သို့ စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင် လှုပ်ရှားမှုများပြုလုပ်လာနေကြာင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ထားသည်။ 

ဇူလိုင်လ (၂၂) ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ရှမ်းပြည်နယ်ဖက်မှ စစ်ကား (၁၈)စီးဖြင့် လူအပြည့်နှင့် မြင်းအချို့ဖြင့် တင်ဆောင်ကာ  ကရင်နီပြည်နယ်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ပြီး ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်အကြား ကလိလျားကျေးရွာအနီးတွင် တပ်စွဲထားကာ ဟိုယာ၊ဘီယာ ဒေသသို့ စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင် ဝင်ရောက်မှုများ လုပ်​ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ 

ဇူလိုင်လ (၁၈)ရက်နေ့ ညနေပိုင်းက  ဘောလခဲမြို့နယ် နန်းဖဲကျေးရွာနှင့် ကလိလျားကျေးရွာကြားတွင်  စစ်ကောင်စီတပ်နှင့်  ကရင်နီတပ်မတော် (KA)နှင့် KNDF ပူးပေါင်းတပ်တို့ နာရီဝက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ နေ့စဥ် ကျေးရွာများဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျေးရွာများအနီး တပ်စွဲလှုပ်ရှားခြင်းများကြောင့် အနီးနားရှိ ကျေးရွာများမှ ဒေသခံများရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်​နေကြရကြောင်း သိရသည်။ 

ဇူလိုင်လ (၂၂) ရက်နေ့တွင် စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် ဝင်ရောက်လာသော ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း ဟိုယာ၊ ဘီယာ ဒေသဖက်တွင်လည်း ဒေသခံများအပြင်  တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများလည်း ရှိနေကြောင်း သိရသည်။ 

ဇူလိုင်လ (၁၈) ရက်နေ့တွင် ဘောလခဲမြို့နယ် နှင့်ဖရူဆိုမြို့နယ်အကြား ကလိလျားကျေးရွာအနီး ဝင်ရောက်လာသော စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်ရာက တိုက်ပွဲ (၂) ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ကျန်ရက်များတွင် တိုက်ပွဲ မဖြစ်သော်လည်း စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများ ဖက်သို့ တစ်ဖက်သတ်ပစ်ခတ်မှုများ နေ့စဥ်

လုပ်​ဆောင်နေခြင်းဖြစ်သည်။

 

အာဏာသိမ်း စစ်ကောင်စီတပ်များက ကရင်နီပြည်နယ်အတွင်း ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်အကြား ကျေးရွာများတွင်တပ်စွဲကာ စစ်အင်အားဖြည့်တင်း၍ စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်မှုများ လုပ်​ဆောင်နေသည့်အပြင် ဖရူဆို -ဘောလခဲ လမ်းမတစ်လျှောက် အရပ်သားအသွင်ယူကာ အဆိုပါနေရာအနီးရှိ ပြည်သူ့ကာကွယ်ရေး ပြောက်ကျား တပ်များအားခြေမှုန်းရန် ကားမှန်ချ၍ သွားလာလှုပ်ရှားမှုများ လုပ်ဆောင်လာသောကြောင့် ခရီးသွားများအနေဖြင့် အဆိုပါ နေရာသို့ ဖြတ်သန်းသွားလာပါက ကားမှန်ချ၍ သွားလာပေးကြရန် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF က ဇူလိုင်လ ၂၁ ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။

ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်အကြား တိုက်ပွဲများကြောင့် ကျေးရွာ (၉)ရွာခန့်မှ ဒေသခံ (၃၄၀၀)ကျော် စစ်ဘေး ရှောင်နေရကာ အကူညီများ လိုအပ်နေပြီး ယနေ့ စစ်အင်အားအများအပြားဖြင့် ဝင်ရောက်လာသော ဟိုယာ၊ ဘီယာ ဒေသဖက်တွင်လည်း စစ်ရှောင်များရှိ​နေကြောင်း သိရသည်။

#TachileikNewsAgency