တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားတစ်ဦး ယာဉ်တိုက်မှုကျူးလွန်ကာ ချစ်ကြည်ရေး အမှတ်(၁)တံတားကို   ကျော်တက်ပြီး ထွက်ပြေးလွတ်မြောက်

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားတစ်ဦး ယာဉ်တိုက်မှုကျူးလွန်ကာ ချစ်ကြည်ရေး အမှတ်(၁)တံတားကို   ကျော်တက်ပြီး ထွက်ပြေးလွတ်မြောက်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့ နေ့လယ် (၂)နာရီ (၄၅)မိနစ်က ထိုင်းနိုင်ငံသား အမျိုးသား (၁)ဦးသည် မော်တော်ယာဉ်ဖြင့် ဆိုင်ကယ်တစ်စီးနှင့် ကားတစ်စီးကို တိုက်၍ ထွက်ပြေးသွားပြီး ပိတ်ထားသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) မှ တံခါးများကို ကျော်၍ မယ်ဆိုင်ဘက် ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ အမျိုးသား မောင်နှင်လာသည့် မော်တော်ယာဉ်သည် ရှမ်းရိုးမကွင်းရှေ့တွင် မော်တော်ယာဉ် (၁)စီးနှင့် ဆိုင်ကယ် (၁) စီးကို တိုက်မိထွက်ပြေးသွားကာ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားသို့ မောင်းနှင်သွားပြီး တံတားပေါ်သို့ ကားရပ်ထားခဲ့ကာ နှစ်နှစ်နိုင်ငံနယ်စပ်တံတားမှ ပိတ်ထားသည့် တံခါးများကို ကျော်တက်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူက တံတားပေါ်ရောက်တော့ ကားရပ်ထားခဲ့ပြီး တံခါးကျော်တက်ထွက်ပြေးတယ်။ ဒီဘက်က မော်တော်ပီကယ်တွေ အနောက်ကလိုက်ဖမ်းတာတွေ့တယ်။ မမိလိုက်ဘူး။ ရှမ်းရိုးမကွင်းရှေ့မှာ တိုက်ထားခဲ့တာ ဆိုင်ကယ်က ထက်ပိုင်းကျိုးသွားတယ် ပြောတယ်။ သူ့ကားကိုလည်း သော့ခတ်ထားခဲ့တယ်

ဟု မျက်မြင်တွေ့သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံသားကို မယ်ဆိုင်ဘက်တွင် ဖမ်းဆီးထားပြီး ၎င်းထွက်ပြေးမှုနဲ့ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့အပါအဝင် ရဲတပ်ဖွဲ့က လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency

သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။