တာချီလိတ်မြို့မှ အတည်ပြုလူနာ နေထိုင်ရာဝန်းကျင်နှင့် အလုပ်လုပ်သည့်ဟိုတယ်တို့ကို သက်ဆိုင်ရာက အသွားအလာ မကန့်သတ်သေးသော်လည်း ဟိုတယ်က မိမိအစီအစဉ်ဖြင့် အသွားအလာ ကန့်သတ်

တာချီလိတ်မြို့မှ အတည်ပြုလူနာ နေထိုင်ရာဝန်းကျင်နှင့် အလုပ်လုပ်သည့်ဟိုတယ်တို့ကို သက်ဆိုင်ရာက အသွားအလာ မကန့်သတ်သေးသော်လည်း ဟိုတယ်က မိမိအစီအစဉ်ဖြင့် အသွားအလာ ကန့်သတ်
နိုဝင်ဘာ 26, 2020
By Tachileik News Agency
 
တာချီလိတ်မြို့မှ အတည်ပြုလူနာ နေထိုင်ရာဝန်းကျင်နှင့် အလုပ်လုပ်သည့်ဟိုတယ်တို့ကို သက်ဆိုင်ရာက အသွားအလာ မကန့်သတ်သေးသော်လည်း ဟိုတယ်က မိမိအစီအစဉ်ဖြင့် အသွားအလာ ကန့်သတ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်မှ Covid-19 အတည်ပြုလူနာ နေထိုင်ခဲ့သည့် နေအိမ်အခန်းရှိရာ ဝန်းကျင်နှင့် အလုပ် လုပ်ခဲ့သည့် 1G1 7 ဟိုတယ်တို့ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့အထိ သက်ဆိုင်ရာတာဝန်ရှိသူများက ကန့်သတ်မှုများ လုပ်ဆောင်ထားခြင်း မရှိသေးသော်လည်း ဟိုတယ်က မိမိအစီအစဉ်ဖြင့် lock down လုပ်ထားသည်ဟု ဆိုသည်။
“ကျွန်တော်တို့ ဟိုတယ်ကတော့ lock down ပုံစံလုပ်ထားတယ်။ ဝန်ထမ်းတွေ အဝင်အထွက်မရှိတော့ဘူး။ အစောင့်လည်း ထားထားတယ်။ စောင့်တဲ့သူလည်း ဟိုတယ်မှာပဲအိပ်။ မနက်ဖြန် ဆေးစစ်ပြီးလို့ All Negative ဆိုရင်တော့ ကိစ္စမရှိတော့ဘူးပေါ့”ဟု 1G1 7 ဟိုတယ်တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လူနာတွေ့သည့် ဝန်းကျင်အား lock down လုပ်ရန် ကျန်းမာရေးဌာန တာဝန်ရှိသူများက ညွှန်ကြားခြင်းမရှိ၍ မလုပ်ဆောင်ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ် COVID 19 ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
“lock down လုပ်ဖို့နဲ့ပတ်သက်လို့ ကျန်းမာရေးဘက်က ကျွန်တော်တို့ကို ဘာမှ မပြောလို့ မလုပ်ရသေးဘူး ခင်ဗျ။ သူတို့က လိုအပ်တယ် လုပ်ပါဆိုရင် ကျွန်တော်တို့က လုပ်မှာပါ” ဟု တာချီလိတ်မြို့နယ် COVID 19 ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အခြားဒေသများသို့ ခရီးသွားရာဇဝင်မရှိဘဲ နိုဝင်ဘာလ (၂၀) ရက်နေ့က ကျိုင်းတုံသို့ အလည်အပတ် သွားရောက်ခဲ့သည့်ဟု လတ်တလော သိထားရသည့် တာချီလိတ်မြို့မှ အသက် (၂၀) ဝန်းကျင် အမျိုးသမီးတွင် COVID 19 ကူးစက်ခံထားရကြောင်း နိုဝင်ဘာလ (၂၆) ရက်နေ့၌ RDT ဖြင့် စစ်ဆေးမှုအတွင်း တွေ့ရှိရသဖြင့် ခရိုင်ပြည်သူ့ဆေးရုံရှိ COVID 19 ကုသရေးစင်တာတွင် ထားရှိကုသပေးနေသော်လည်း ပုန်းထွန်ရပ်ကွက်ရှိ ၎င်းနေထိုင်ရာနေအိမ်အခန်းနှင့် ဝန်းကျင်ကို ကန့်သတ်ခြင်း မရှိကြောင်း သိရသည်။
“သူနေတဲ့ အခန်းကိုတော့ ပိတ်ထားတယ်။ သူနေတဲ့လိုင်းခန်းငှားက ခြံဝန်းထဲမှာ ရှေ့ကအိမ်မှာက အိမ်ရှင်တွေနေတယ်။ ခြံဝန်းထဲက လိုင်းခန်း (၅) ခန်းလားမသိဘူး ရှိတယ်။ ကျန်တဲ့အခန်းတွေကလည်း သူတို့ မထိတွေ့ဘူး။ စကားပြောရင်လည်း (၆) ပေအကွာက ပြောတယ်လို့ ပြောတယ်။ နောက်အဲဒီနေရာကို lock down လုပ်ဖို့လည်း ကျွန်တော့်ကို မညွှန်ကြားသေးဘူး။ အနီးအနားက လူတွေကိုတော့ တစ်ခုခု နေမကောင်းဖြစ်ရင် ကျွန်တော့်ကို အကြောင်းကြားပါလို့ ပြောထားတယ်”ဟု ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်က ပြောသည်။
တာချီလိတ်မြို့တွင် ယခင်က အတည်ပြုလူနာတစ်ဦး တွေ့ရှိစဉ်က ယင်းနေ့ညနေမှာပင် အတည်ပြုလူနာနေထိုင်ရာ နေအိမ်ဝန်းကျင် လမ်းကို lock down လုပ်ခဲ့သည်ကို တွေ့ရသည်။
“မနေ့က အဲဒီအိမ်က ပိုးတွေ့လူနာတွေ့တယ်။ ဒီနေ့အထိ အဲဒီခြံဝန်းက လူတွေ ဝင်ထွက်နေတုန်းပဲ။ သူတို့က မကူးနိုင်ဘူးလား။ ကျွန်မတို့က ကလေးတွေနဲ့ စိုးရိမ်တယ်။ တာဝန်ရှိတဲ့သူတွေ ဘယ်အချိန်လာမလဲ မျှော်နေတာ”ဟု ပုန်းထွန်ရပ်ကွက်ရှိ လူနာနေထိုင်ရာဝန်းကျင်၌ နေထိုင်သူအချို့က ပြောသည်။
အဆိုပါ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသည့် တာချီလိတ်မှ (၇) ဦးကို အသွားအလာကန့်သတ်ထားပြီး အတည်ပြုလူနာ အလုပ်လုပ်ကိုင်ခဲ့သည့် 1G1 7 Hotel မှ ထိတွေ့သူများအား စိစစ်ဖေါ်ထုတ်နိုင်ရန် ကျန်းမာရေးဌာနက ဟိုတယ်ထံမှ ဝန်ထမ်းစာရင်းတောင်းယူထားဆဲဖြစ်ကြောင်း သိရသည်။
အတည်ပြုလူနာက ကျိုင်းတုံသို့လည်း သွားရောက်ခဲ့ခြင်းကြောင့် ကျိုင်းတုံတွင် အတည်ပြုလူနာနှင့်ထိတွေ့၍ (၃၇)ဦး အသွားအလာကန့်သတ်ထားသည့်အနက် (၈)နှစ်အရွယ်ကလေးတွင် ပိုးကူးစက်ခံထားရသည်ကို နိုဝင်ဘာလ (၂၆)ရက်နေ့၌ စစ်ဆေးတွေ့ရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~