တာချီလိတ်မြို့ လွယ်တော်ခမ်းတံတားတွင် အာဏာသိမ်းစစ်တပ်က တံတားအနီးနေ ပြည်သူများကို ညပိုင်းသွားလာမှု တင်းကြပ်ထားပြီး ရံဖန်ရံခါ ကိုယ်ထိလက်ရောက်မှုများ ပြုမှုနေ

 တာချီလိတ်မြို့ လွယ်တော်ခမ်းတံတားတွင် အာဏာသိမ်းစစ်တပ်က တံတားအနီးနေ ပြည်သူများကို ညပိုင်းသွားလာမှု တင်းကြပ်ထားပြီး ရံဖန်ရံခါ ကိုယ်ထိလက်ရောက်မှုများ ပြုမှုနေ
အောက်တိုဘာ 8, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်ဘေးရှိ လွယ်တော်ခမ်းတံတားတွင် ည(၆)နာရီနောက်ပိုင်း ပေးမဖြတ်တော့သလို   ဖြတ်လာပါက မထင်ရင် မထင်သလို ရံဖန်ရံခါတွင် မြေကြီးပေါ်တွင် မှောက်ခိုင်းပြီး အာဏာသိမ်းစစ်တပ်၏ စစ်သားများက ကိုယ်ထိလက်ရောက်ပြုမှုကာ တုတ်ဖြင့် ရိုက်နှက်သည်အထိ လုပ်ဆောင်နေသည်ဟု သိရသည်။

ည(၆)နာရီထိုးတာနဲ့ ပေးမဖြတ်တော့ဘူးလို့ ပြောတယ်။ ဗိုလ်ကြီးဆိုသူလား ဘာလားမသိ။  ပြီးခဲ့တဲ့ရက်က တံတားဟိုဖက်က လာတဲ့ လူတွေကို မြေကြီးပေါ် မှောက်ခိုင်းပြီး တုတ်နဲ့ရိုက်နေတာ တွေ့နေရတယ်။ မြင်ရတာတကယ်ကို စိတ်မကောင်းဘူး။

ဟု မြင်တွေ့ခဲ့ရသူ တစ်ဦးက ပြောပြသည်။

 

၂၀၂၁ခုနှစ် စက်တင်ဘာလ၏ စတုတ္တပတ်အတွင်းက တာချီလိတ်မြို့ထဲသို့ PDF များ ရောက်ရှိနေသည်ဟု စစ်တပ်ဘက်ကသာ သတင်းများထွက်ပေါ်လာခဲ့ပြီး တာချီလိတ်မြို့အဝင်အထွက်များကို အထူးစောင့်ကြည့် တင်းကြပ်မှုများ လုပ်ဆောင်လာသည်ဟု သိရသည်။

PDF တွေ ရောက်နေတယ်လို့ သတင်းကြား ကတည်းကနေ ဂိတ်တွေကို ပိတ်လိုက်တာ။ ဟိုဖက်နေသူတွေကိုလည်း ဘယ်ချိန် ဖြတ်ဖြတ်မေးမြန်းမှုတွေ ခဏခဏ လုပ်တယ်။ ည(၈)နာရီနောက်ပိုင်းဆိုရင်တော့ အရင်လို လုံးဝ ပေးမဖြတ်တော့ဘူး။ အခု ကင်းပုန်းနားမှာ CCTV တပ်ထားတယ်။ တံတားမှာ အရမ်းတင်းကြပ်တယ်။ ရဲတွေလည်းရှိတယ် စစ်သားတွေလည်းရှိတယ် လူတစ်ယောက်ဖြတ်လာတိုင်း ကင်းပုန်းထဲကနေ လှမ်းလှမ်းကြည့်တယ်။

ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

လွယ်တော်ခမ်းဂိတ်တွင်  အာဏာသိမ်းစစ်တပ်၏ စစ်သားများ လုံခြုံရေးအကြောင်းပြကာ ချုပ်ကိုင်ထားပြီး အနီးနေပြည်သူများကို တင်ကြပ်နေသည်ဟု ဆိုသည်။

လွယ်တော်ခမ်း ဂိတ်မှာက ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ အာဏာလည်း မရှိဘူး။ လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရဲ့ အာဏာလည်း မရှိဘူး။ စစ်ဗျူဟာမှူးရဲ့ အာဏာပဲရှိနေတယ်။ အခုလို တင်းကြပ်ဖို့ စစ်ဗျူဟာမှူးက လုပ်ခိုင်းတာဆိုပြီး သူတို့တွေက ပြောတယ်။  တင်းကြပ်ဖို့ ရိုက်နှက်ဖို့ ဗျူဟာမှူးက အမိန့်ပေးထားတာ ဟုတ်မဟုတ်တော့ မသိဘူး။ လက်တွေ့မှာတော့ အနီးနေပြည်သူတွေကတော့ ခံနေရတယ်။ တံတားမှာ ညဖက် တင်းကြပ်တာကလည်း စစ်တပ်က သူတို့သဘောနဲ့ သူတို့  လုံခြုံရေးကို အကြောင်းပြပြီး တင်းကြပ်နေတာ။ ဒီတံတားအနီးနားမှာ အိမ်ခြေတွေရှိတာ ဘယ်သူက ဘယ်အိမ်မှာ နေတယ်။ ဘာလုပ်တယ်ဆိုတာကို သိနိုင်တာပဲ။ တခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် မေးမြန်းစစ်ဆေးမှု အရမ်းတင်းကြပ်တယ်။ ညဖက် သွားလာမှုကို ကန့်သတ်တယ်။ ဒီအနီးနားနေသူတွေကိုတော့ မကန့်သတ်သင့်ဘူး၊ နောက်ပြီး သူတို့ကို နည်းနည်းလေး လေသံမာလို့မရဘူး မာတာနဲ့ လက်ပါတော့တာပဲ။ ဒီလိုမျိုး လုပ်ရပ်တွေနဲ့ ဘယ်လို လုပ် ပြည်သူရဲ့ မေတ္တာကို ရမှာလည်း

ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၈)ရက်နေ့တွင် ပြောသည်။



တာချီလိတ်မြို့ လွယ်တော်ခမ်းစုပေါင်းစစ်ဆေးဂိတ်အနီး   လွယ်တော်ခမ်းတံတားမှ တဆင့် ကျေးရွာများသွားနိုင်သလို တံတားအနီးတစ်ဝိုက်တွင်လည်း လူနေအိမ်များစွာရှိသည့်အပြင် ဘုန်းကြီးကျောင်းများလည်း ရှိနေသည်။