ဒီးမော့ဆိုမြို့နယ်တွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်စွဲထားသည့် နေရာများတွင် နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းခိုးယူဖျက်ဆီးခံရ

ဒီးမော့ဆိုမြို့နယ်တွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်စွဲထားသည့် နေရာများတွင် နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းခိုးယူဖျက်ဆီးခံရ
ဇွန် 15, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီ၏တပ်များ တပ်စွဲပြီး ထိုးစစ်ဆင်မှုများကြောင့် လမ်းမကြီးတလျှောက်နှင့် ရပ်ကွက်များအတွင်းမှ နေအိမ်အများအပြား ဖျက်ဆီးခံရသည့်အပြင် ဈေးဆိုင်များ ဖေါက်ထွင်းခံရကြောင်း သိရသည်။



 

ဒီး​မော့ဆိုမြို့နယ်တွင် ရက်ပေါင်း (၂၀)ကျော် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အာဏာသိမ်း စစ်ကောင်စီ၏တပ်က  တပ်စွဲထားကြသည့် ရပ်ကွက်ကျေးရွာများအတွင်း  နေအိမ်များ၊ ဆိုင်ခန်းများ၊ ကုန်စုံဆိုင်များအား ဖောက်ထွင်း၍ ပစ္စည်းများ ယူဆောင်သွားပြီး ယူမရသည့်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ကယား(ကရင်နီ)ပြည်နယ်တွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ စုပေါင်းထားသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF နှင့် အကြမ်းဖက် စစ်ကောင်စီတို့ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် ယာယီအပစ်ရပ်လိုက်ခြင်းကြောင့် စစ်ရှောင်အချို့မှာ နေရပ်သို့ ပြန်လာရာမှ ရပ်ကွက်များအတွင်း အပျက်အစီးအချို့ကို မှတ်တမ်းတင်ရိုက်ကူး၍ လူမှုကွန်ယက်တွင် ဖော်ပြလာကြသည်ကို တွေ့ရသည်။

ကျွန်မတို့ စစ်ရှောင်တွေကို ဖုန်းဆက် အကြောင်းကြားလာတယ်။ ပြန်လာလို့ရပြီပေါ့။ ဒါပေမဲ့ အကုန်မလာရဲကြသေးဘူး ။ ပြန်လာတဲ့သူကလည်း အ​ခြေအနေ လာပြန်ကြည့်ကြတာပေါ့။ ကျွန်မအိမ်ဆိုရင် လက်နက်ကြီးတွေ မထိခဲ့ပေမဲ့ အပေါ်ထပ်အောက်ထပ်မှာ ရှိသမျှပစ္စည်းတွေကို မွှေနှောက်ပြီး ယူသွားတယ်။ အဝတ်စားတွေပါ ယူသွားတယ်။ ယူလို့မရတာတွေကို ရိုက်ခွဲဖျက်ဆီးခဲ့တယ်။ ဓါတ်ပုံတွေဆိုလည်း အကုန်ဖြဲဆုတ်ခဲ့တယ်။ ကျွန်မ အိပ်ခန်းထဲလည်း ဝင်အိပ်ထားတဲ့ပုံပဲ။ ကျွန်မတို့မိန်းကလေး အဝတ်အစားတွေကိုပါ ပေါက်ကရတွေ လုပ်ထားတယ်။ မြို့ပျက်ကြီးပါပဲ အားလုံးက ရစရာကို မရှိတော့ပါဘူး။

ဟု ဒီးမော့ဆိုမြို့မှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ဒီးမော့ဆိုမြို့နယ်တွင်းရှိ ရပ်ကွက်များအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က တပ်စွဲနေထိုင်ခဲ့ကာ တိုက်ခိုက်မှုအတွင်း ကောက်ယူခွင့်မရခဲ့သည့် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများမှာလည်း လမ်းကြားအချို့တွင် ရုပ်ပျက်ဆင်းပျက်ရှိနေပြီး နေအိမ်အများစုမှာလည်း လက်နက်ကြီးကျည်ထိမှန်ပျက်စီးနေကြကြောင်း သိရသည်။

တောက်လျှောက်ပေါ့လေ။ စစ်တပ်က တပ်စွဲခဲ့တဲ့ ဒီးမော့ဆို ၊ ငွေတောင်၊ (၆)မိုင်လမ်းတစ်လျှောက်ပေါ့။ ဈေးဆိုင်တွေကိုဖျက်ပြီး ပစ္စည်းတွေယူတယ်။ ဖုန်းဆိုင်တွေကို ဖျက်ဆီးပြီး ပစ္စည်းတွေယူထားတယ်။ ယူလို့မရတဲ့ဟာတွေကို ဖျက်ဆီးထားတယ်။ အိမ်တွေကို မီးရှို့ထားတယ်။ တပ်စွဲတဲ့နေရာတစ်လျှောက်မှာရှိတဲ့ အိမ်တွေမှာပါ အမာခံနေပြီး တပ်စွဲထားတယ်။ တစ်ချို့ သေတဲ့အလောင်းတွေဆို အရိုးစုပဲ ကျန်တယ်။ လမ်းတွေ အိမ်တွေနားမှာ တွေ့ရတယ်။ ခုက အပစ်ရပ်လို့ ခဏလာကြည့်တဲ့သဘော ရိက္ခာလာပြန်ယူတာပါ။ စစ်တပ်ကို လုံးဝ မယုံပါဘူး။ ခုတောင် တပ်တွေ စွဲထားတုန်းပါပဲ။

ဟု ဒီးမော့ဆိုမြို့မှ စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က လွိုင်ကော်မှ ဒီးမော့ဆိုမြို့တလျှောက် ကျေးရွာ၊ ရပ်ကွက်များ၏ ဘာသာရေး အဆောက်အဦးများနှင့် လူနေအိမ်များတွင် တပ်စွဲကာ နေအိမ်များ၊ ဆိုင်ခန်းများ၊ ဒေသခံများ၏ မော်တော်ယာဥ်များကို မီးရှို့ဖျက်ဆီးခြင်းများကိုလည်း လုပ်ထားသည်ကို တွေ့ရသည်ဟု သိရသည်။ 

ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲများ ယာယီ ရပ်နားလိုက်သော်လည်း ဒေသခံ စစ်ဘေးရှောင်များက နေရပ်ပြန်ရန် မယုံကြည်ရဲသေးသဖြင့် အခြေအနေစောင့်ကြည့်နေဆဲဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ကလည်း ငွေတောင်ကျေးရွာတွင် တပ်စွဲထားဆဲဖြစ်သည်ဟု သိရသည်။



#TachileikNewsAgency

Photo: CJ