ကယား(ကရင်နီ)ပြည်နယ်အတွင်း နေ့စဉ် စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်တပ်အား KNDF က မိုင်းဆွဲတိုက်ခိုက်ရာ (၃)ဦးသေ (၄)ဦးထက်မနည်း ဒဏ်ရာရ

Photo: KNDF BO1
Photo: KNDF BO1
ကယား(ကရင်နီ)ပြည်နယ်အတွင်း နေ့စဉ် စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်တပ်အား KNDF က မိုင်းဆွဲတိုက်ခိုက်ရာ (၃)ဦးသေ (၄)ဦးထက်မနည်း ဒဏ်ရာရ
အောက်တိုဘာ 14, 2021 | ကယား

စစ်ရေးဆိုင်ရာရပ်ဆိုင်းကြောင်း ကြေညာထားသည့် အာဏာသိမ်းစစ်တပ်သည် ကယား(ကရင်နီ)ပြည်နယ်အတွင်း နေ့စဉ် ထိုးစစ်ဆင်ကာ တိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက် ယနေ့ အောက်တိုဘာလ(၁၄)ရက်နေ့တွင်  KNDF က  မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်က (၃)ဦးသေဆုံးကာ (၄)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) က သတင်းထုတ်ပြန်လာသည်။

ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်အချိန်က ဒီးမော့ဆိုမြို့နယ်အတွင်း (၆)မိုင်၊ ဘက်သလင် နှင့် ဝမ်လထွားကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်အား KNDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

နေ့လည်ပိုင်းတွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သလို နေအိမ်များကိုလည်း မီးရှို့ခြင်းများ ပြုလုပ်ကြောင်း သိရသည်။

ညနေ(၃)နာရီခွဲဝန်းကျင်တွင်လည်း အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းသည် ဒီးမော့ဆိုမှ လွိုင်ကော်မြို့သို့ ချီတက်ရာတွင်  လမ်းကြောင်းလုံခြုံရေးအဖြစ် တင့်ကားများကို အသုံးပြုခဲ့ကြောင်းလည်း သိရသည်။

ယင်းအပြင် ကယား(ကရင်နီ)ပြည်နယ်အတွင်း၊  ဖားဆောင်မြို့နယ်၊ နန်းမကု နှင့် ပန်ပုကျေးရွာ အကြားတွင် ယနေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က အာဏာသိမ်းစစ်တပ်နှင့် ကရင်နီတပ်မတော် (KA) တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း KNDF က သတင်းထုတ်ပြန်ထားရှိသည်။