တာချီလိတ်ခရိုင်ရဲရုံး ဖောက်ခွဲပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လောင်းကစား နှင့် ဖျော်ဖြေရေးလုပ်ငန်းများကို ဒေသအာဏာပိုင်များက ခေတ္တ ပိတ်ခိုင်းထား

တာချီလိတ်ခရိုင်ရဲရုံး ဖောက်ခွဲပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လောင်းကစား နှင့် ဖျော်ဖြေရေးလုပ်ငန်းများကို ဒေသအာဏာပိုင်များက ခေတ္တ ပိတ်ခိုင်းထား
ဇွန် 11, 2021 | ရှမ်းရှေ့

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဗုံးခွဲခံရပြီး ကျည်အတွဲလိုက် ပစ်ခတ်ခံရမှုကြောင့် မြို့တွင်း လုံခြုံရေးတိုးမြှင့်ထားပြီး ဒေသအုပ်ချုပ်ရေးအာဏာပိုင်များမှ ဖွင့်လှစ်ခွင့်ပေးထားသည့် KTV နှင့် လောင်းကစားလုပ်ငန်းများ အားလုံးကို ရက်ပိုင်း ပိတ်ထားရန် ဇွန်လ(၁၀)ရက်နေ့က လိုက်လံအသိပေးထား၍ ပိတ်ထားရကြောင်း သိရသည်။

မနေ့ မနက်က ရဲက အကြောင်းကြားလာလို့ ပိတ်ထားရတယ်။ ကျွန်တော်တို့ လောင်းကစားဂိမ်းခုံ တစ်ခုတည်းတော့မဟုတ်ဘူး။ ဟိုတယ်ကြီးတွေက လောင်းကစားတွေပါ ပိတ်ခိုင်းထားတာမို့ ပိတ်ခိုင်းတာပါလို့ ပြောလာတယ်၊ အဲ့ဒါကြောင့် (၃-၄)ရက်လောက် ပိတ်ထားရမှာပါ

ဟု တာချီလိတ်မြို့တွင် လောင်းကစားငါးဂိမ်းခုံတွင်  အလုပ် လုပ်ကိုင်သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၁)ရက်နေ့တွင် ပြောသည်။

ဇွန်လ(၁၀)ရက်နေ့ ညက ကြီးမြတ်သောရွှေမြင်း၏ Club အပါအဝင် KTV များ အားလုံး ပိတ်ထားကြပြီး အချို့ KTV များမှာ (၁)ရက်မှ (၃)ရက်အထိ ပိတ်မည်ဟုလည်း သိရပြီး လောင်းကစားလုပ်ငန်းများကိုတော့ ယာယီရပ်နားထားခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့က ပြန်ဖွင့်ခွင့်ရပြီဆိုမှ ပြန်ဖွင့်မည်ဟုလည်း သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ၂၀၂၁ခုနှစ် ဇွန်လ(၉)ရက်နေ့ ညပိုင်းက ဗုံးခွဲပြီး ကျည်အတွဲလိုက်ပါ ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးများပြုလုပ်ပြီးနောက် လောင်းကစားများ၊ ဖျော်ဖြေရေးလုပ်ငန်းများအားလုံးကို ပိတ်ထားရန် လုပ်ငန်းရှင်များ၊ လုပ်ငန်းတာဝန်ခံများသို့ အကြောင်းကြားလာခြင်းများကြောင်း ပိတ်ထားရခြင်း ဖြစ်သည်ဟု သိရသည်။ 

ဇွန်လ(၁၀)ရက်နေ့ ညပိုင်းက ရဲနှင့်စစ်တပ်မှ ည(၁၂)နာရီကျော်သည်အထိ အိမ်စီးကားများဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း ကင်းလှည့်နေပြီး လမ်းတွင် တွေ့ရသူများကို ကားဖြင့်တိုက်ကာ ရပ်တန့်စေပြီး ဝိုင်းရိုက်နှက် စစ်ဆေးမေးမြန်းမှုများအထိ ရှိခဲ့ကြောင်းလည်း သိရသည်။

တာချီလိတ်မြို့တွင် ဟိုတယ်များနှင့် ရပ်ကွက်များအထိ ဖွင့်လှစ်နေသည့် လောင်းကစားလုပ်ငန်းများမှာ ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ၏ ခွင့်ပြုချက်ရရှိမှသာ ဖွင့်လှစ်ခွင့်ရရှိခြင်း ဖြစ်ကြောင်း သိရသည်။