လားရှိုးမြို့တွင် (၅)ရက်အတွင်း COVID 19 အတည်ပြုလူနာ (၃၀)ဦး တွေ့ရှိ

လားရှိုးမြို့တွင် (၅)ရက်အတွင်း COVID 19 အတည်ပြုလူနာ (၃၀)ဦး တွေ့ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ  ပုဂ္ဂလိကဆေးရုံတစ်ခုမှ မန္တလေးမြို့သို့ ဓါတ်ခွဲပို့စစ်သည့် လူနာတစ်ဦးတွင် COVID 19 ပိုးတွေ့ရပြီးနောက် ၂၀၂၁ ခုနှစ် ဇွန်လ (၁၁) ရက်နေ့အထိ အဆိုပါအတည်ပြုလူနာနှင့် ဆက်စပ်သူ (၂၁) ဦး၌ COVID 19 ပိုးထပ်တွေ့ရသဖြင့် စုစုပေါင်းအတည်ပြုလူနာ (၃၀)ဦးအထိ တိုးလာပြီဖြစ်သည်။

လားရှိုးမြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ လူနာအမျိုးသားတစ်ဦး၏ ဓါတ်ခွဲနမူနာကို  ဇွန်လ (၇) ရက်နေ့က မန္တလေးသို့ ပို့စစ်ရာ COVID 19 တွေ့ရသဖြင့် အဆိုပါလူနာနှင့် ထိတွေ့သူ (၂၀၀) ဝန်းကျင်၏ ဓါတ်ခွဲနမူနာများကို ထပ်မံပို့စစ်ရာ ဇွန်လ ( ၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ ရရှိသည့်ဓါတ်ခွဲအဖြေများအရ ကူးစက်ခံထားရသူ (၂၉) ဦးရှိသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

အတည်ပြုလူနာ တက်ရောက်ကုသမှုခံယူသည့် ပုဂ္ဂလိကဆေးရုံနှင့် ၎င်းဆေးရုံအနီးတဝိုက်ရှိလမ်းများကို လတ်တလောတွင် အဝင်အထွက် ယာယီကန့်သတ်ထားပြီး  ၎င်းဆေးရုံမှ ဝန်ထမ်းအားလုံးနှင့် ဆေးရုံတွင်တက်ရောက်ကုသနေသော လူနာအားလုံးအပါအဝင် ပထမဆုံးပိုးတွေ့လူနာကို လားရှိုးမှ မန္တလေးသို့ ပို့ဆောင်ပေးခဲ့သော ပရဟိတအသင်းသားများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀)ဝန်းကျင်ကို ဓါတ်ခွဲနမူနာရယူစစ်ဆေးထားခြင်းဖြစ်သည်။

အဆိုပါ လူဦးရေ (၂၀၀) ဝန်းကျင်၏ဓါတ်ခွဲနမူနာများမှ ဇွန်လ (၈) ရက်နေ့တွင် (၅) ဦး၊ ဇွန်လ (၉) ရက်နေ့တွင် (၃) ဦးနှင့် ဇွန်လ (၁၁) ရက်နေ့ (၂၁) ဦးတို့၌ COVID 19 ပိုးတွေ့ရခြင်းဖြစ်သည်။

လားရှိုးမြို့တွင် COVID 19 ပိုးတွေ့ရသူများ ရှိလာရာ စစ်တပ်ကနိုင်ငံ့အာဏာသိမ်းပြီးကတည်းက ဖျက်ထားသည့် မြို့အဝင် COVID 19 စစ်ဆေးရေးဂိတ်များကိုလည်း ပြန်လည်ဖွင့်ရန်စီစဉ်နေသည်ဟု သိရသည်။