စစ်တပ်က အာဏာသိမ်းပြီး (၃)လအကြာတွင် နယ်စပ်မှ စားသောက်ကုန်အချို့ တင်သွင်းခွင့် ကန့်သတ်ခံရ

စစ်တပ်က အာဏာသိမ်းပြီး (၃)လအကြာတွင် နယ်စပ်မှ စားသောက်ကုန်အချို့ တင်သွင်းခွင့် ကန့်သတ်ခံရ
ဧပြီ 18, 2021 | စီးပွားရေး

စစ်တပ်ကအာဏာသိမ်းလိုက်ပြီး (၃)လအကြာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုထားသည့် အချိုရည်၊ ကော်ဖီမစ်/ တီးမစ်မျိုးစုံ၊ Instant Coffee၊ နို့ဆီ/နို့စိမ်းများကို ၂၀၂၁ ခုနှစ်၊ မေလ (၁) ရက်နေ့မှစပြီး နယ်စပ်မှ တင်သွင်းခွင့်ကို ယာယီပိတ်လိုက်ပြီး ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုတော့မည်ဟု ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်လာသဖြင့် နယ်စပ်မှ တင်သွင်းခွင့်ဖြင့်လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များ အခက်တွေ့နေကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဖြစ်သည့် တာချီလိတ် နှင့် မြဝတီမြို့မှ ကုန်သည်များသည် စားသောက်ကုန်များ တင်သွင်းရန်အတွက် ကျပ်(၆)သိန်းအထိ ကုန်ကျခံပြီး တရားဝင်လုပ်ဆောင်ကာ တင်သွင်းနေရခြင်းဖြစ်သော်လည်း ယခုလို ပိတ်ပင်လိုက်သည့်အတွက် FDA လျှောက်ထားမှုမှာ အလဟဿ ဖြစ်စေကြောင်း ကုန်သည်များက ဆိုသည်။

"နယ်စပ်ကနေသွင်းတယ်ဆိုတာလည်း ဒီတိုင်းသွင်းရတာ မဟုတ်ဘူး။ FDA လျှောက်ထားတာတွေ ဘာတွေလုပ်ရတယ်။ အဲဒါအတွက် ပိုက်ဆံကလည်း ကုန်ထားရတာ။ အခုဘယ်လိုလုပ်တော့မလဲ။ အဲဒီ ပိုက်ဆံကုန်ထားတဲ့ FDA စာရွက်တွေက ဘာလုပ်ရတော့မလဲ"ဟု နယ်စပ်မှ တရားဝင်တင်သွင်းနေသည့် ကုန်သည်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်သည့် အဆိုပါ ကန့်သတ်ချက်တွင် နယ်စပ်ဒေသများအားလုံးကို ရည်ညွန်းထားပြီး မြဝတီကုန်သွယ်ရေးဇုန်တွင် ဧပြီလ (၁၈) ရက်နေ့က အသိပေးစာ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရကာ တာချီလိတ်နယ်စပ်တွင် ဧပြီလ(၁၈)ရက်နေ့ ညနေပိုင်းအထိ အသိပေးစာထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။