ဒီးမော့ဆိုမြို့နယ်တွင် (၃) ရက်အတွင်း အာဏာသိမ်းစစ်တပ်နှင့်တိုက်ပွဲတွင် KA မှ တပ်ကြပ်ကြီး(၁) ဦး ကျဆုံးပြီး အာဏာသိမ်းတပ်ဘက်မှ (၂) ဦးထက် မနည်းသေဆုံး

Photo: PKPF
Photo: PKPF
ဒီးမော့ဆိုမြို့နယ်တွင် (၃) ရက်အတွင်း အာဏာသိမ်းစစ်တပ်နှင့်တိုက်ပွဲတွင် KA မှ တပ်ကြပ်ကြီး(၁) ဦး ကျဆုံးပြီး အာဏာသိမ်းတပ်ဘက်မှ (၂) ဦးထက် မနည်းသေဆုံး
စက်တင်ဘာ 17, 2021 | ကယား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စက်တင်ဘာလ (၁၄) ရက်နှင့် (၁၆) ရက်နေ့များတွင် အာဏာသိမ်းစစ်တပ်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်တို့ကြားဖြစ်ပွားသည့် တိုက်ပွဲများ၌ KA မှ တပ်ကြပ်ကြီး (၁) ဦး လက်နက်ကြီးထိမှန်ကျဆုံးကာ အာဏာသိမ်းတပ်ဘက်မှ (၂) ဦးထက်မနည်းကျသည်ဟု သိရသည်။

တိုက်ပွဲအတွင်း ကျဆုံးသွားသော ကရင်နီတပ်မတော်မှ တပ်ကြပ်ကြီးကို တော်လှန်ရေး အာဇာနည်သူရဲကောင်းအဖြစ်  KNDF မှ အသိအမှတ်ပြု ထုတ်ပြန်ထားသည်။

အဆိုပါ တပ်ကြပ်ကြီးမှာ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာနှင့် စံပြ (၆) မိုင်ကျေးရွာအကြားတွင် စက်တင်ဘာလ (၁၄)ရက်နေ့ နံနက် (၉) နာရီခွဲဝန်းကျင်က အာဏာသိမ်းတပ်မှ အင်အား (၂၀၀) ခန့်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း အာဏာသိမ်းတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် စက်တင်ဘာလ (၁၆) ရက်နေ့ ည (၇) နာရီဝန်းကျင်တွင် ဒေါပိုးစီနှင့် ပန်ကန်းကျေးရွာကြား တပ်အင်အားဖြည့်တင်းလာသော အာဏာသိမ်းတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းအဖွဲ့မှ ခုခံတိုက်ခဲ့သဖြင့် အာဏာသိမ်းတပ်မှ (၂) ဦးထက်မနည်း ကျသွားသည်ဟု သိရသည်။

ဒီမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာ အနီးဝိုက်တွင် အာဏာသိမ်းတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ခြေကုပ်ရယူရန်ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။