ဖယ်ခုံမြို့တွင် ဈေးလှည့်ရောင်းချသည့်လူငယ်တစ်ဦးကို အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့က ဖမ်းဆီး

ဖယ်ခုံမြို့တွင် ဈေးလှည့်ရောင်းချသည့်လူငယ်တစ်ဦးကို အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့က ဖမ်းဆီး
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့တွင် ဈေးလှည့်လည်ရောင်းချသည့်လူငယ်တစ်ဦးကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က ၂၀၂၁ ခုနှစ် ဇွန်လ (၄) ရက်နေ့၌ ဖမ်းဆီးလိုက်ပြီး နေအိမ်ရှာဖွေရာတွင် အဆိုပါလူငယ်၏ မိခင်ဖြစ်သူဝှက်ထားသည့် ရွှေ (၂) ကျပ်သားကိုပါ တူးဖေါ်ယူသွားကြကြောင်း သိရသည်။

ဈေးလှည့်ရောင်းသည့် အသက် (၂၃)နှစ်အရွယ် မောင်ဝေလွင်မိုးကို အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် ရဲအဖွဲ့က ဖမ်းဆီးသွားပြီးနောက် ဖယ်ခုံရဲစခန်းတွင် စစ်ဆေးပြီးနောက် နေအိမ်ကို လာရောက်ရှာဖွေကြရာတွင် နေအိမ်ခြံဝန်းအတွင်း ဝါးရုံအောက်တွင်မြုပ်ထားသည့် ရွှေ (၂) ကျပ်သားကိုပါ တူးယူသွားကြသည်ဟု သိရသည်။

သူ့ကို ရိုက်နှက်စစ်ဆေးတာနဲ့ သူအကုန်ပြောလိုက်တယ် ထင်ပါတယ်။ ဝါးရုံပင်အောက်မြုပ်ထားတဲ့ ရွှေ (၂) ကျပ်သားလေးကိုပါ တူးယူသွားကြတယ်။ နေရာအတိအကျပဲ။ သတင်းပေးတဲ့သူရှိလို့ အဖမ်းခံရတာလားတော့မသိဘူး။ သူ့မိန်းမကလည်း နေ့စေ့လစေ့နဲ့။ နောက်လဆိုမွေးပြီ

ဟု ရှာဖွေမှုကို မျက်မြင်တွေ့ရသူတစ်ဦးက ဆိုသည်။

ဈေးလှည့်ရောင်းနေစဉ်အဖမ်းခံရခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရသေးကြောင်း သိရသည်။