တာချီလိတ်မြို့တွင် လူငယ်အချို့၏ ပုံများပြ၍ စုံစမ်းရှာဖွေနေ

တာချီလိတ်မြို့တွင် လူငယ်အချို့၏ ပုံများပြ၍ စုံစမ်းရှာဖွေနေ
ဇွန် 3, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် မေလ(၂၆)ရက်နေ့က ဖမ်းခံထားရသည့် လူငယ်(၂)ဦးနှင့် ပတ်သက်၍ နောက်ဆက်တွဲ စစ်ကြောရေးအရ ပေါ်ပေါက်လာသည့် လူငယ်များကို ဖမ်းဆီးရမိရန်အတွက် ဇွန်လ(၃)ရက်နေ့အထိ ပုံများပြ၍ လိုက်လံရှာဖွေနေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ကတည်းက တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လူငယ်အချို့၏ ပုံဖြင့်လည်းကောင်း၊ အချို့ရပ်ကွက်များတွင်လည်း အရပ်ဝတ်များဖြင့် သွားရောက်ကာ စုံစမ်းနေသလို ယနေ့ ဇွန်လ(၃)ရက်နေ့တွင်လည်း ပုံတွင်ပါရှိသည့် လူငယ်များ၏ နေအိမ်ဝန်းကျင်များသို့ သွားရောက် စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ပုံများပြ၍ ရှာဖွေရာတွင် Facebook ပေါ်တွင် တင်ထားသည့် ပုံများလည်း ပါဝင်ကြောင်း သိရသည်။

မေလ(၂၆)ရက်နေ့က ာဖမ်းဆီးခံထားရသည့် အသက် (၁၉)နှစ်ရှိ စိုင်းလင်းကျော် နှင့် အသက်(၂၁)နှစ်အရွယ်ရှိ ဇင်ကိုအောင်(ခ)အူငဲတို့အား တာချီလိတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မများဖြစ်သည့် ပုဒ်မ ၅၀၅-က၊ ပုဒ်မ - ၂၈၆၊ ပုဒ်မ - ၃၅၃၊ ပုဒ်မ- ၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး ပါဝင်ပတ်သက်သည့် လူငယ်များကို ဖမ်းမိရေးအတွက် လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်၍ ဖမ်းဆီးခံထားရသူများကို ကျိုင်းတုံအကျဉ်းထောင်သို့ တိုက်ရိုက်ပို့ဆောင်ခဲ့သော်လည်း ယခုအခါမှာ  ကျိုင်းတုံအကျဉ်းထောင်သို့ တိုက်ရိုက် မပို့ဆောင်တော့ဘဲ တာချီလိတ်မြို့မရဲစခန်းတွင်သာ ချုပ်ထားပြီး တရားရင်ဆိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ကျိုင်းတုံအကျဉ်းထောင်သို့ ပို့ဆောင်ခံထားရသူများမှာ ထောင်တွင်း၌ ယာယီဖွင့်လှစ်ထားသည့် ထောင်တွင်းတရားရုံး၌ တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။