တာချီလိတ်မြို့တွင် ဗုံးထောင်မည်ဟု ခြိမ်းခြောက် ငွေညှစ်သည့် အလုပ် TCL KKK SHN  မလုပ်ကြောင်း သတင်းထုတ်ပြန်

တာချီလိတ်မြို့တွင် ဗုံးထောင်မည်ဟု ခြိမ်းခြောက် ငွေညှစ်သည့် အလုပ် TCL KKK SHN  မလုပ်ကြောင်း သတင်းထုတ်ပြန်
ဇန်နဝါရီ 18, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့တွင်  ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် TCL KKK SHN ၏ ဗုံးခွဲလုပ်ဆောင်မှုများကို အမည်ခံအသုံးချပြီး ခြိမ်းခြောက်ငွေတောင်းမှုများ ဖြစ်ပေါ်နေသည့် ကိစ္စ နှင့် ပတ်သက်၍  TCL KKK SHN  က ၎င်းတို့အနေဖြင့် မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ထံမှ အတင်းအဓမ္မ ငွေကြေး တောင်းခံမှုများကို လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

TCL KKK SHN အနေဖြင့်  အများပြည်သူကို ထိခိုက်နစ်နာစေမည့် လုပ်ငန်းများကို  လုပ်ဆောင်မည် မဟုတ်သလို မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ထံမှ အတင်းအဓမ္မ ငွေကြေး တောင်းခံမှုများကို လုံးဝ (လုံးဝ) မပြုလုပ်ပါ။  မိမိတို့ အဖွဲ့၏ တော်လှန်ရေးလုပ်ရပ်ကို ပုံဖျက်ကာ ငွေညှစ်နေသူများ၏ လုပ်ရပ်ကို မိမိတို့  TCL KKK SHN က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး သတိပေးလိုက်သည်။

ဟု သတင်းထုတ်ပြန်ထားသည်။

တာချီလိတ်မြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၁၆) ရက်နေ့က စတင်ပြီး  ဖုန်း  09 783 877 925 ဖြင့် ဖုန်းဆက်ကာ ခြိမ်းခြောက်ငွေတောင်းနေခြင်းဖြစ်ပြီး ဗုံးခွဲမခံလိုပါက Wave Money ကနေ ငွေလွှဲပေးရန် ပြောဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခြင်းမရှိသေးကြောင်းလည်း သိရသည်။ 

တာချီလိတ်မြို့နေ ပြည်သူများ ဘေးအန္တရာယ်ကင်းရေးအတွက် စစ်အာဏာရှင် အဖွဲ့များနှင့် ထောက်ပံ့နေသူများ၊ ပတ်သက် ဆက်နွှယ်ရာ နေရာများကို သတိထား ရှောင်ရှား နေထိုင်ကြရန်နှင့် မိမိတို့ အဖွဲ့အမည်သုံး၍ ငွေကြေးတောင်းခံမှုများရှိပါက မပေးကြရန် အသိပေး အပ်ပါသည်။

ဟုလည်း TCL KKK SHN က အသိပေးထားသည်။

တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ၏ ဒုတိယပတ်အတွင်းက စစ်ကောင်စီ၏ လက်အောက်ခံများနှင့် သက်ဆိုင်သည့် နေရာများတွင် ဖြစ်ပွားခဲ့သည့်  ဗုံး(၄)ကြိမ် ဖောက်ခွဲမှုကို TCL KKK SHN  က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ထုတ်ပြန်ချက်များတွင် အသိပေးထားသည်ကို တွေ့ရသည်။

TCL KKK SHN  သည် NUG၊ CRPH၊ PDF တို့ နှင့် အချိတ်အဆက် မရှိသည့် သီးခြား မြေအောက် တော်လှန်ရေး အဖွဲ့ ဖြစ်ကြောင်းလည်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။