စစ်တပ်၊ပြည်သူ့စစ်နှင့်ရဲတို့ လုံခြုံရေးယူထားသည့် တာချီလိတ်မြို့ရှိ အလက(ရန်အောင်မြေ)ကျောင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား

စစ်တပ်၊ပြည်သူ့စစ်နှင့်ရဲတို့ လုံခြုံရေးယူထားသည့် တာချီလိတ်မြို့ရှိ အလက(ရန်အောင်မြေ)ကျောင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား
ဇွန် 2, 2021 | ရှမ်းရှေ့

နယ်စပ်ဒေသ၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်(ပါလျှံ-၁)ရှိ အလက(ရန်အောင်မြေ)ကျောင်းတွင် ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၂)ရက်နေ့  ည(၈)နာရီခွဲဝန်းကျင်အချိန်က ပေါက်ကွဲသံ အကျယ်ကြီး ကြားရကြောင်း သိရသည်။

အသံက အတော်အကျယ်အကြီးပဲကြားရတယ်။ မီးခိုးလုံးကြီးလည်း တက်လာတယ်။   ကျောင်းအတွင်း ကျောင်းထောင့်နားက မုန့်ဈေးဆိုင်တန်းနဲ့အဆောင်လမ်းနားမှာ ဖြစ်တာ။ လောလောဆယ်တော့ လူထိခိုက်တာတော့ မကြားမိသေးဘူး။

ဟု ပါလျှံ(၁)တွင် နေထိုင်သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် စာသင်ကျောင်းတွင် စစ်တပ်၊ ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြည့်နေလျှက်ရှိချိန် ပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သိရသည်။

အခြေခံပညာအလယ်တန်းကျောင်း(ရန်အောင်မြေ)တွင် မူလတန်းအဆင့် (၈၈)ဦး နှင့် အလယ်တန်းအဆင့်(၃၇)ဦး စုစုပေါင်း(၁၂၅)ဦး ကျောင်းအပ်ထားကြောင်း တာချီလိတ်မြို့နယ်ပညာရေးမှူးရုံး၏ မေလ(၂၄)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ စာရင်းများအရ သိရသည်။