ကော်ရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်မှု မရှိစေရေးအတွက် တာချီလိတ်လေဆိပ်တွင် ပြည်တွင်းမှ ဝင်ရောက်လာသူများကို စစ်ဆေးမှု စတင်

ကော်ရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်မှု မရှိစေရေးအတွက် တာချီလိတ်လေဆိပ်တွင် ပြည်တွင်းမှ ဝင်ရောက်လာသူများကို စစ်ဆေးမှု စတင်
ဖေဖော်ဝါရီ 5, 2020
By Tachileik News Agency

ကော်ရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်မှု မရှိစေရေးအတွက် တာချီလိတ်လေဆိပ်တွင် ပြည်တွင်းမှ ဝင်ရောက်လာသူများကို စစ်ဆေးမှု စတင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တာချီလိတ်လေဆိပ်တွင် ပြည်တွင်းမှ ဝင်ရောက်လာသည့် ခရီးသည်များကို  ကိုရိုနာဗိုင်းရပ်စ်(ဝူဟန် အဆုတ်ရောင်ရောဂါ) စစ်ဆေးမှုအဖြစ် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် စတင်လုပ်ဆောင်သည်။

"လေဆိပ်မှာ ဒီနေ့ စစစ်တာပေါ့။ စဖြစ်ကတည်းက အခြေအနေကြည့်ခဲ့တာပေါ့။ လေဆိပ်ကပြည်တွင်းအဝင်ဖြစ်နေတော့ မကြည့်သေးတာ။ အခုတော့ ပြည်တွင်းအဝင်တွေလည်း စစစ်တာ။ ဝန်ထမ်းတွေချထားပြီး စစ်တာ။ ဝင်ပေါက်တွေအကုန်စစ်တာပေါ့"

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်လေဆိပ်တွင် ပြည်တွင်းလေကြောင်းလိုင်း (၅) ခုမှ နေ့စဉ်ခရီးစဉ် (၁၀)ခေါက်နှင့်အထက်ပြေးဆွဲနေသဖြင့် တာချီလိတ်သို့ လိုက်ပါလာသည့် ပြည်တွင်းခရီးသည်များနှင့် နိုင်ငံခြားခရီးသွားများကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

"နေ့စဉ် ကျန်းမာရေးဝန်ထမ်း (၃) ဦးနဲ့ လေဆိပ်က တာဝန်ကျတဲ့ ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး စစ်ဆေးနေတယ်။   နေ့တိုင်းစစ်ဆေးသွားမှာပါ"

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း နယ်စပ်ဝင်ပေါက်များဖြစ်သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတား၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းနှင့် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာမှုများ စစ်ဆေးဆောင်ရွက်နေပြီး တာချီလိတ်လေဆိပ်ကိုပါ တိုးမြှင့်စစ်ဆေးလာခြင်းဖြစ်သည်။

"တံတား(၁)မှာ အရင်က လမ်းလျောက်လာတဲ့ လူလောက်ပဲ စစ်နိုင်တာ။ ကားနဲ့ ဆိုင်ကယ်နဲ့လာတဲ့သူတွေ မစစ်နိုင်ဘူးလေ။ ကြက်ခြေနီအင်အားတို့၊ ဌာနဆိုင်ရာအင်အားတို့ ထပ်ဖြည့်ပြီးတော့ စစ်တာပေါ့။ အရင်က လမ်းလျောက်လာတဲ့သူ (၃၀၀၀) လောက်ပဲစစ်နိုင်တယ်။ အခုအကုန်လုံးစစ်နိုင်တဲ့အခါကျတော့ နေ့စဉ် သောင်းနဲ့ချီ စစ်နိုင်တာပေါ့"

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့၏ အဓိကဝင်၊ ထွက်ပေါက်ဖြစ်သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်ရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) ရုံးခန်းတွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် သံသယလူနာတွေ့ရှိပါက အရေးပေါ်ထားရှိရန်အတွက် ပြင်ဆင်ထားရှိပြီး ဆေးရုံကြီးရှိ သီးသန့်လူနာဆောင်သို့ ခေါ်ဆောင်နိုင်ရန်အတွက် လူနာတင်ယာဉ်လည်း အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကိုရိုနာဗိုင်းရပ်စ်၏ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ ည(၈)နာရီအထိ အခြေအနေမှာ နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ကူးစက်ခံရသူ စုစုပေါင်း (၂၄,၆၀၇)ဦးရှိလာပြီး သက်သာပျောက်ကင်းကာ ဆင်းရုံဆင်းသွားကြသူများမှာ (၉၈၈)ဦး ရှိသော်လည်း သေဆုံးသူ အရေအတွက်မှာ (၄၉၄)ဦးအထိ ရှိလာသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~