ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့နယ်ကြားရှိ တံတား (၂) စင်း ဖျက်ဆီးခံထားရ၍ ကားများသွားလာ၍မရဖြစ်နေ

ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့နယ်ကြားရှိ တံတား (၂) စင်း ဖျက်ဆီးခံထားရ၍ ကားများသွားလာ၍မရဖြစ်နေ
မေ 30, 2021 | ကယား

အာဏာသိမ်းစစ်ကောင်စီက ကယား(ကရင်နီ)ပြည်နယ်တွင်းအဝင်ကို ၂၀၂၁ ခုနှစ်၊ မေလ (၂၉) ရက်နေ့မှစ၍ တင်းကြပ်လိုက်ပြီးနောက် မေလ (၃၀) ရက်နေ့တွင် ဒီးမော့ဆိုနှင့် ဖရူဆိုကိုဆက်သွယ်ထားသည့်လမ်းမကြီးပေါ်ရှိ ကဒါးလားကျေးရွာအနီးမှ တံတား (၂)စင်းအား ဖျက်ဆီးထားသည်ကို တွေ့ရကြောင်းသိရသည်။

တံတားက​တေ့ာ (၂) စင်းပေါ့ ပျက်စီးနေတယ်။ မြေကျင်းလိုမျိုးကို စက်နဲ့ တူးထားသလိုပဲ။ ဘာကြောင့်ဆိုတာ မသိဘူး ။ နေ့လယ်ပိုင်းမှာ စစ်သားတွေတော့ တွေ့တယ်

ဟု ဒီးမော့ဆိုမြို့ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တံတား (၂) စင်းပျက်စီးရသည့် အကြောင်းရင်းကို မသိရဘဲ အဆိုပါလမ်းပိုင်းမှ ကားများသွားလာ၍ မရတော့ကြောင်း သိရသည်။

အဆိုပါ တံတားနှစ်စင်းမှာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့နှင့် မယ်စဲ့မြို့ များကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးပေါ်တွင် ရှိနေခြင်းဖြစ်သည်။