မိုင်းဖြတ်မြို့မှ ခရိုင် NLD အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဘော်ဒါဆောင်ဆရာ ဦးဇော်မြင့်ကို ဖမ်းဆီးပြီး ၅၀၅-က ဖြင့် အမှုဖွင့်

မိုင်းဖြတ်မြို့မှ ခရိုင် NLD အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဘော်ဒါဆောင်ဆရာ ဦးဇော်မြင့်ကို ဖမ်းဆီးပြီး ၅၀၅-က ဖြင့် အမှုဖွင့်
မေ 27, 2021 | ရှမ်းရှေ့

မေလ(၂၆)ရက်နေ့က မိုင်းဖြတ်မြို့တွင် ဖမ်းဆီးခံလိုက်ရသည့်  တာချီလိတ်ခရိုင် NLD အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သလို ဘော်ဒါဆောင်ဖွင့်လှစ်ထားသူလည်းဖြစ်သည့် ဦးဇော်မြင့်အား  ပုဒ်မ ၅၀၅-က ဖြင့် မေလ(၂၇)ရက်နေ့တွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ဦးဇော်မြင့်အား ၎င်းနေထိုင်သည့် မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံအနောက်ဘက်ရှိ ကံ့ကော်စံဘော်ဒါ တွင်  ၂၀၂၁ခုနှစ် မေလ(၂၆)ရက်နေ့ နေ့လည်ပိုင်းက အာဏာသိမ်းစစ်တပ်ဘက်မှ စစ်ဘက်ရေးရာလုံခြုံ​ရေးတပ်(စရတ/စရဖ)အပါအဝင် ရဲများက ခဏဟုပြောဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

၎င်းအား မေလ(၂၆)ရက်နေ့က လာရောက်ဖမ်းဆီးခြင်းမပြုလုပ်မီ ရက်ပိုင်းကလည်း စရတ တို့က (၂)ရက်ခေါ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်ကာ ပြန်လွှတ်ပေးလိုက်ပြီးနောက်  ပြန်လည်ဖမ်းဆီးပြီး အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့တွင် မေလအတွင်း၌ မိုင်းဖြတ်မြို့နယ်မှ NLD ဥက္ကဌ နှင့် ပါဝင်ဟောင်းတစ်ဦး၊ ယခု တာချီလိတ်ခရိုင် NLD အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦး အပါအဝင် NLD မှ (၃)ဦး ဖမ်းခံထားရပြီး တက်ကြွလူငယ်တစ်ဦးလည်း ဖမ်းခံထားရကြောင်း သိရသည်။