တာချီလိတ်မြို့ ဟောင်လိတ်မီးပွိုင့်အနီးတွင် အမျိုးသမီးတစ်ဦး ဓါးထောက်ပြီး ဆိုင်ကယ်လုယူခံရ

တာချီလိတ်မြို့ ဟောင်လိတ်မီးပွိုင့်အနီးတွင် အမျိုးသမီးတစ်ဦး ဓါးထောက်ပြီး ဆိုင်ကယ်လုယူခံရ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အဝင်  မုခ်ဦးရှိ မီးပွိုင့်အနီးတွင် အမျိုးသမီးတစ်ဦးအား လည်ပင်းဓါးထောက်ကာ ဆိုင်ကယ် လုယူသွားမှု ယနေ့ မတ်လ(၂၆)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည်။

လိမ္မော်သီးပြန်ရောင်းဖို့အတွက် ဆိုင်ကယ်နဲ့ လိမ္မော်သီးသွားယူတဲ့ အချိန်မှာ သူ့နောက်ကနေ အမျိုးသား(၂)ဦးက လိုက်တယ်။ ပြီးတော့ သူ့ရှေ့ကို ပိတ်ရပ်ပြီး ဓါးနဲ့လည်ပင်းနားထောက်ပြီးတော့ ဆိုင်ကယ်လုတယ်။ အမျိုးသမီးကလည်း တစ်ယောက်တည်းဆိုတော့ ကြောက်ပြီး ပေးလိုက်ရတယ်

ဟု ဆိုင်ကယ်လုခံရသူနှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency သို့ ပြောပြသည်။

ဆိုင်ကယ်လုခံရသူမှာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် နေထိုင်သူ အသက် (၂၀)ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းသည် လိမ္မော်သီး ရောင်းချရန်အတွက် နေအိမ်ကနေ မယ်ဟုတ်လိမ္မော်ခြံသို့ လိမ္မော်သီးသွား ရောက်ယူသည့်  ၂၀၂၂ခုနှစ် မတ်လ(၂၆)ရက်နေ့ နံနက်(၅)နာရီ ဝန်းကျင်တွင် ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်သည်။

ဓါးဖြင့်ထောက်ပြီး ဆိုင်ကယ်လုယူသည့် နေရာအနီးတွင် စစ်ကောင်စီ၏ စစ်ဗျူဟာတပ် နှင့် ခမရ(၃၅၉)တပ် အပြင် ဟောင်လိတ်နယ်မြေရဲစခန်း နှင့် နီးသည့် နေရာဖြစ်ပြီး လုယူခံရသည့် ဆိုင်ကယ်အမျိုးအစားမှာ ၂၀၁၃ခုနှစ်ထုတ် Wave i 125 အနီ/နက် အရောင်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency