ရှမ်းပြည်နယ်အတွင်းမှ SSPP, TNLA နှင့် RCSS တို့အကြား ပဋိပက္ခတိုက်ပွဲများ ရပ်တန့်ပြီး စစ်အာဏာရှင်ကျဆုံးရေး ပြည်သူနှင့်အတူ ရပ်တည်ရန် ကမ္ဘာ့ရှမ်းလူမျိုးများကွန်ယက် တောင်းဆို

ရှမ်းပြည်နယ်အတွင်းမှ SSPP, TNLA နှင့် RCSS တို့အကြား ပဋိပက္ခတိုက်ပွဲများ ရပ်တန့်ပြီး စစ်အာဏာရှင်ကျဆုံးရေး ပြည်သူနှင့်အတူ ရပ်တည်ရန် ကမ္ဘာ့ရှမ်းလူမျိုးများကွန်ယက် တောင်းဆို

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်သည့် SSPP, TNLA နှင့် RCSS တို့အား ပဋိပက္ခတိုက်ပွဲများ ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးကာ စစ်အာဏာရှင် ကျဆုံးရေး ပြည်သူနှင့်အတူ တသားတည်းရပ်တည်ရန် ကမ္ဘာ့ရှမ်းလူမျိုးများကွန်ယက်မှ မေလ(၂၅)ရက်နေ့က သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ်အတွင်းမှ  SSPP, TNLA နှင့် RCSS တို့အား ကမ္ဘာ့ရှမ်းလူမျိုးများကွန်ယက် က တိုင်းရင်းသားအချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများ ချက်ချင်းရပ်ရေး၊ နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ် ကတိဂဝတ်ပြုရေး၊ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးရေး၊ ပြည်သူ့ဆန္ဒမပါဘဲ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်း နှင့် ဆက်ကြေးကောက်ခံခြင်းများ ရပ်တန့်ရေး၊ စစ်အာဏာရှင်ကျဆုံးရေးတွင် ပြည်သူနှင့်အတူ တသားတည်း ရပ်တည်ရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးများအတွက် ပူးပေါင်းအကောင်အထည်ဖော်ရေး စသည့် အချက်(၅)ချက်ကို အဓိက တောင်းဆိုကြသည်။

ကမ္ဘာ့ရှမ်းလူမျိုးများကွန်ယက်အား ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊  ကနေဒါ၊ ဂျာမဏီ၊ ဒိန်းမတ်၊ နော်ဝေး၊ ဩစတေးလျား၊ ဆွီဒင် နှင့် မလေးရှားနိုင်ငံရောက် ရှမ်းတိုင်းရင်းသားများမှ ဖွဲ့စည်းထားခြင်း ဖြစ်သည်။