စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် Civil Disobedience Campaign တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဝန်ထမ်းအားလုံးပါဝင် 

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် Civil Disobedience Campaign တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဝန်ထမ်းအားလုံးပါဝင် 
ဖေဖော်ဝါရီ 5, 2021 | နိုင်ငံရေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက အာဏာသိမ်း စစ်အစိုးရ လက်အောက်တွင် အလုပ် လုပ်ကိုင်ခြင်းမပြုလို၍ Civil Disobedience Campaign ကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅) ရက်နေ့မှစတင်နေပြီဖြစ်ရာ လူနာသစ်များ လက်မခံတော့ဘဲ ကိုဗစ်သံသယနှင့် ကိုဗစ်လူနာများကို တပ်မတော်ဆေးရုံသို့ လွှဲပို့မည်ဖြစ်ကြောင်း သိရသည်။

“ပြည်သူများအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများ၏ ခံစားမှုကို ပြည်သူများအနေဖြင့် နားလည်ပေးလိမ့်မည်ဟု ယုံကြည်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ပုသိမ်ဆေးရုံကြီးမှ ဆရာဝန်များ၊ သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ်းအားလုံးက မြန်မာ တစ်နိုင်ငံလုံးမှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများအပါအဝင် ကျန်းမာရေးဝန်ထမ်းများနည်းတူ Civil Disobedience Campaingn ပြုလုပ်နေကြသည့်အပြင် လူနာများအနေဖြင့် တပ်မတော်ဆေးရုံများတွင် ကုသနိုင်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ကြေးမုံသတင်းစာတွင် ကြော်ငြာထားသည့်အတွက်  ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ ဖေဖေါ်ဝါရီလ (၅) ရက်နေ့မှစ၍ လူနာလက်ခံခြင်းမပြုတော့ရန် ပုသိမ်ပြည်သူ့ဆေးရုံကြီး စီမံကော်မတီအစည်းအဝေးဖြင့် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဆေးရုံမှ လူနာများကို ဆက်လက်ကုသပေးမည်ဖြစ်ပြီး စစ်တပ်မှ ဆရာဝန်၊ သူနာပြုများ ပြည်သူ့ဆေးရုံကြီးတွင် ဝင်ရောက်လာပါက ဆေးရုံအုပ်ကြီးအပါအဝင် အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များနှင့် သူနာပြုများအားလုံး အလုပ်မဆင်းတော့ကြောင်း ကြေညာထားသည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ NLD မှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီတာဝန်ရှိသူများကို ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံတော်အာဏာကို သိမ်းလိုက်ခြင်းအား လက်မခံသည့် နိုင်ငံ့ဝန်ထမ်းများက Civil Disobedience Campaingn ကို ပြုလုပ်နေကြခြင်းဖြစ်သည်။

Tachileik News Agency