ဒီးမော့ဆိုမြို့ကို အာဏာသိမ်းစစ်တပ်က အင်အားများဖြင့် ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများ စစ်ရှောင်စခန်းသို့ ခိုလှုံကြရန် PDF က သတိပေးထား

ဒီးမော့ဆိုမြို့ကို အာဏာသိမ်းစစ်တပ်က အင်အားများဖြင့် ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများ စစ်ရှောင်စခန်းသို့ ခိုလှုံကြရန် PDF က သတိပေးထား
မေ 25, 2021 | ကယား

ကယား (ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာဖွယ်ရှိ၍ ပြည်သူများအနေဖြင့် စစ်ရှောင်စခန်းများတွင် ခိုလှုံကြရန် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ၂၀၂၁ ခုနှစ် မေလ (၂၅) ရက်နေ့တွင် သတိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏တပ်က မေလ (၂၅) ရက်နေ့တွင်လည်း ဒီးမော့ဆိုမြို့ကို တာဝေးပစ် အမြောက်လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့်အပြင် တင့်ကားများ၊ ရဟတ်ယာဉ်များကိုပါ အသုံးပြု တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။

တူမီး၊ လက်လုပ်သေနတ်များဖြင့် တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က လက်နက်ကြီး၊ တင့်ကားနှင့် လေကြောင်းပစ်ကူများကိုပါသုံး၍ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာနိုင်ဖွယ်ရှိ၍ ပြည်သူများအနေဖြင့် ရပ်ကွက်များတွင် မနေထိုင်တော့ဘဲ စစ်ရှောင်စခန်းများသို့ အမြန်ဆုံးသွားရောက် ရှောင်တိမ်းကြရန် နှိုးဆော်ထားသည်ကို တွေ့ရသည်။

ဒီးမော့ဆိုတွင် တိုက်ခိုက်မှုများဖြစ်ပွားစဉ်အတွင်း ရပ်ကွက်နေပြည်သူများ သွားရောက်ခိုလှုံသည့် ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်းများကိုလည်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အရပ်သားများ သေဆုံးမှု ဖြစ်ပွားခဲ့သည်။