တာချီလိတ်မြို့တွင် စာသင်ကျောင်း(၃)ကျောင်း အနီး နှင့် Club တစ်ခုအနီးတွင် ပေါက်ကွဲသံများ ထွက်ပေါ်

တာချီလိတ်မြို့တွင် စာသင်ကျောင်း(၃)ကျောင်း အနီး နှင့် Club တစ်ခုအနီးတွင် ပေါက်ကွဲသံများ ထွက်ပေါ်
မေ 25, 2021 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ယနေ့ မေလ(၂၅)ရက်နေ့  ည(၉)နာရီမထိုးမီအချိန်က နေရာပေါင်း (၄)နေရာတွင် ပေါက်ကွဲသံများ ကြားရကြောင်း သိရသည်။

ပေါက်ကွဲသံများကြားရသည့် နေရာများမှာ စစ်တပ်က လုံခြုံရေးယူထားသည့် အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)နှင့် အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)အပြင် လုံခြုံရေးမရှိသည့် အခြေခံပညာအလယ်တန်းကျောင်းခွဲ(တာလော့)တို့ အနီးတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဒေသခံထံက သိရသည်။

ဆန်ဆိုင်းကျောင်းထဲမှာ ကွဲတာလို့ ကြားတယ်။ အခုတော့ ဆန်ဆိုင်းကျောင်းရှေ့မှာ ရဲတွေ အများကြီးပဲ ကျောင်းရှေ့လမ်းပေါ်က ဖြတ်တဲ့ ဆိုင်ကယ်တွေ အကုန်လုံးကို ကျောင်းထဲသွင်းပြီး စစ်နေတယ်၊ ရှမ်းရိုးမကွင်းထောင့် မီးပွိုင့်မှာလည်း ပိတ်စစ်နေတယ်

ဟု ဒေသခံ တစ်ဦးက ယနေ့ ည(၉)နာရီ မိနစ်(၂၀)အချိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောင်းအပ်နှံရေးကာလမတိုင်မီကတည်းက တာချီလိတ်မြို့ရှိ အချို့ကျောင်းများတွင် အာဏာသိမ်းစစ်တပ်မှ ညပိုင်းစောင့်ကြပ်မှုများရှိနေကြောင်း သိရသည်။

ယင်းအပြင် တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း ဒေသအုပ်ချုပ်ရေးများ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ရရှိထားသည့် KTV နှင့် Club များထဲက ကြီးမြတ်သောရွှေမြင်း၏ Club အနီးတွင် ပေါက်ကွဲသံကြားရကြောင်း သိရသည်။

မြို့ဝင်မုခ်ဦးနားမှာက တပ်တွေများတယ်၊ အဲ့နားက စာသင်ကျောင်းအနီးမှာ ပေါက်ကွဲသံကြားလိုက်တယ်။ အသံကြောင့်လန့်သွားတယ်။ ဘာတွေဖြစ်လဲတော့မသိဘူး

ဟု ပါဆတ်ရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် မေလ၏ ပထမပတ်ကစ၍ နေရာအနှံ့တွင် ညပိုင်းများ၌ ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။