မိုင်းယန်းမြို့နယ်အတွင်းက Covid-19 အတည်ပြုလူနာ (၃)ဦးနှင့် ထိတွေ့ခဲ့သည့် မိုင်းယန်းဘုန်းကြီးကျောင်းမှ ထိတွေ့သူ (၁၇)ဦးကို ဓါတ်ခွဲနမူနာ ရယူ စစ်ဆေးမည်

မိုင်းယန်းမြို့နယ်အတွင်းက Covid-19 အတည်ပြုလူနာ (၃)ဦးနှင့် ထိတွေ့ခဲ့သည့် မိုင်းယန်းဘုန်းကြီးကျောင်းမှ ထိတွေ့သူ (၁၇)ဦးကို ဓါတ်ခွဲနမူနာ ရယူ စစ်ဆေးမည်
စက်တင်ဘာ 8, 2020
By Tachileik News Agency
မိုင်းယန်းမြို့နယ်အတွင်းက Covid-19 အတည်ပြုလူနာ (၃)ဦးနှင့် ထိတွေ့ခဲ့သည့် မိုင်းယန်းဘုန်းကြီးကျောင်းမှ ထိတွေ့သူ (၁၇)ဦးကို ဓါတ်ခွဲနမူနာ ရယူ စစ်ဆေးမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်မှ COVID 19 အတည်ပြုလူနာ (၃) ဦး ဆီလူးဒေသစိုက်ခင်း သွားစဉ်က ခဏတာ ညအိပ်တည်းခိုခဲ့သည့် မိုင်းယန်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းမှ ထိတွေ့သူ (၁၇) ဦးကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့၌ ဓာတ်ခွဲနမူနာ ရယူမည်ဖြစ်သည်။
“အတည်ပြုလူနာတွေ ဝင်အိပ်သွားတဲ့ မိုင်းယန်းက ဘုန်းကြီးကျောင်းမှာ contact (အတည်ပြုလူနာနှင့်ထိတွေ့သူ)  (၁၇)ယောက်ရှိပါတယ်။ အဲဒါတွေ ဓာတ်ခွဲနမူနာယူပို့ပါမယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ အတည်ပြုလူနာ (၃)ဦးမှာ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် စက်တင်ဘာလ (၅)ရက်နေ့မှစ၍ ကုသမှုခံယူနေကာ အခြေအနေကောင်းမွန်နေကြောင်း သိရပြီး ၎င်းတို့နှင့်ထိတွေ့ခဲ့သူများကို ဓာတ်ခွဲစစ်ဆေးပေးနိုင်ရန် ကျန်းမာရေးဌာနက စုံစမ်းဖေါ်ထုတ်နေရာ စက်တင်ဘာလ (၇)ရက်နေ့အထိ စုစုပေါင်း (၁၅၅)ဦးအထိ တွေ့ရှိထားခြင်းဖြစ်သည်။
စက်တင်ဘာလ (၆)ရက်နေ့က ကျိုင်းတုံမြို့နှင့် ဆီလူးဒေသစိုက်ခင်းတွင် COVID 19 အတည်ပြုလူနာ (၃)ဦးနှင့် ထိတွေ့သူ စုစုပေါင်း (၁၃၈)ဦးကို နေအိမ်အသီးသီးတွင် အသွားအလာကန့်သတ်ထားပြီး တည်းခိုခန်းတစ်ခုနှင့် ထမင်းဆိုင်နှစ်ဆိုင်ကိုလည်း ယာယီပိတ်ထားခြင်းဖြစ်သည်။
အတည်ပြုလူနာနှင့်ထိတွေ့သူ (၁၃၈)ဦးအနက် (၇၉)ဦး၏ ဓာတ်ခွဲနမူနာများကို စက်တင်ဘာလ (၆)ရက်နေ့က ရန်ကုန်ရှိ ဓာတ်ခွဲဌာနသို့ ပို့စစ်ထားပြီဖြစ်သည်။
မိုင်းယန်းမြို့နယ်၊ ဆီလူးဒေသရှိ စိုက်ပျိုးရေးလုပ်ငန်းတွင် ရခိုင်ပြည်နယ်မှ လာရောက်အလုပ်လုပ်ကိုင်နေသူ (၆)ဦးအား ဓာတ်ခွဲနမူနာရယူစစ်ဆေးရာမှ  COVID 19 အတည်ပြုလူနာ case 1209၊ case 1210 နှင့် case 1211 တို့အဖြစ် စက်တင်ဘာလ (၅)ရက်နေ့၌ ဓာတ်ခွဲအဖြေရလာခြင်းဖြစ်သည်။
အဆိုပါ (၆)ဦးအဖွဲ့မှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှလာရောက်သူများဖြစ်ပြီး သြဂုတ်လ (၉)ရက်နေ့က Air Thanlwin လေကြောင်းလိုင်းဖြင့် ရန်ကုန် - ကျိုင်းတုံခရီးစဉ် စီးနင်းလာသူများဖြစ်ပြီး ကျိုင်းတုံမှတစ်ဆင့် ဆီလူးဒေသသို့ ကားငှားသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အတည်ပြုလူနာ (၃)ဦးနှင့် ထိတွေ့သူများတွင် COVID 19 ကူးစက်ခံထားရနိုင်၍ ဆောလျင်စွာ ဓာတ်ခွဲစစ်ဆေးမှုခံယူပြီး လိုအပ်လျှင် ကုသမှု ဆောလျင်စွာရရှိရေးနှင့် အခြားသူများသို့ ကူးစက်ခြင်းမရှိစေရေးအတွက် ကျန်းမာရေးဌာနတာဝန်ရှိသူများက စုံစမ်းဖေါ်ထုတ်နေကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အတည်ပြုလူနာများတွေ့ရပါက အတည်ပြုလူနာနှင့်ထိတွေ့သူများအား အခမဲ့ ဓာတ်ခွဲစစ်ဆေးပြီး လိုအပ်ပါက အခမဲ့ကုသပေးခြင်းများ လုပ်ဆောင်ပေးနေသဖြင့် အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအနေဖြင့် ကျန်းမာရေးဌာန သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့ထံ အမြန်ဆက်သွယ်ခြင်းဖြင့် COVID 19 ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~