ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်အား အာဏာသိမ်းတပ်များက စစ်ကြောင်းများခွဲ၍ စောင့်ကြည့်နေ

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်အား အာဏာသိမ်းတပ်များက စစ်ကြောင်းများခွဲ၍ စောင့်ကြည့်နေ
မေ 22, 2021 | ကယား

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်အား စစ်ကောင်စီတပ်များမှ စစ်ကြောင်းများခွဲ၍ စောင့်ကြည့်နေ

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့ကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက ၂၀၂၁ ခုနှစ် မေလ (၂၂) ရက်နေ့တွင် စစ်ကြောင်းများစွာခွဲ၍ ဝိုင်းထားပြီး ဒေါငံခါးရပ်ကွက်အား လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများလုပ်ကာ စစ်ကြောင်းများခွဲ၍ ဝိုင်းထားကြောင်း သိရသည်။

တင့်ကားတစ်စီး အပါအဝင် စစ်ကြောင်းဖြင့် လွိုင်ကော်မှ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာသို့ နေ့လယ်ပိုင်းမှစ၍ ခြေလျင်ချီတက်လာသည့် အာဏာသိမ်းစစ်တပ်၏ တပ်မ(၅၅) က ညနေပိုင်းကတည်းက ဒီးမော့ဆိုမြို့နယ်အတွင်း နေရာ (၄) နေရာခန့်တွင် တပ်ချထားကာ တင့်ကား( ၁)စီးကို (၁၀၂) တပ်ရင်းအနီးတွင် ထားရှိကြောင်း သိရသည်။

အခုက မြို့ပေါ်အခြေ​နေကတော့ သူလည်း မတတ်လာ ကိုယ်လည်း မသွားဘဲ စောင့်ကြည့်တဲ့အနေထားဖြစ်ပြီး ခုချိန်ထိတော့ ထိတွေ့မှုမရှိသေးဘူး။ တပ်မ (၅၅)က​တော့ လွိုင်ကော်ကနေ သူတို့ မြေပြင်လမ်းလျှောက်ပေါ့ တင့်ကားပါ ပါတယ် လာတာ ခု ငွေတောင် (၁၀၂) တပ်ရင်းနား ရောက်နေပြီပေါ့။ ခု အခြေ​နေက ငွေတောင်မှာ တစ်ကြောင်း ၊ (၁၀၂)နားမှာ တစ်ကြောင်း ၊ ဒီးမော့ဆို ရဲစခန်းနားမှာ တစ်ကြောင်း ရယ် ဖရူဆိုဖက်ကလည်း တတ်လာတယ်ကြားတယ်။ အဲ့လို သူတို့ ရှိနေတယ်ဆိုတော့ ဝိုင်းထားတဲ့ပုံမျိုးတော့ ဖြစ်နေပေမဲ့ အရမ်းကြီးတော့ စိုးရိမ်ရတဲ့ အခြေ​နေမျိုးတော့ မဟုတ်သေးဘူး။ ဒီညတော့ စောင့်ကြည့်ရမယ်။ သူတို့က ကားမသုံးတော့ဘူး မြေပြင်လမ်းလျှောက်နဲ့ပဲ လှုပ်ရှားနေကြတယ်။

ဟု ပြည်သူ့ကာကွယ်ရေးတပ် (PDF)အဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ညနေ (၆)နာရီကျော်တွင် အတည်ပြုပြောသည်။

ယင်းအပြင် တပ်ရင်း (၁၀၂)အနီးတွင် စစ်ကြောင်းတစ်ကြောင်း၊ ဒီးမော့ဆိုရဲစခန်းအနီးတွင် ဖရူဆိုမှ ချီတက်လာသည့် စစ်ကြောင်းတစ်ကြောင်းတို့ကလည်း နေရာယူထားတာ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက ကားမသုံးဘဲ မြေပြင်လမ်းလျှောက်ချီတက်လှုပ်ရှားနေကြသည်ဟု ညနေ (၆)နာရီတွင် အတည်ပြုချက်များအရ သိရသည်။

အာဏာသိမ်းအဖွဲ့၏ တပ်များက နေ့လယ်ပိုင်းကတည်းက ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်ဖက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် တံတားတစ်စင်းနှင့် ဆောက်လုပ်ရေးရုံးတစ်ခု မီးလောင်ပျက်စီးမှုဖြစ်ခဲ့သည်။ ဒီးမော့ဆိုမြို့နယ်အတွင်း မေလ (၂၂) ရက်နေ့ ညနေပိုင်းအထိ အာဏာသိမ်းအဖွဲ့၏တပ်များက စစ်ကြောင်းများဖြင့် ဝိုင်းထားကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း သိရသည်။