စစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့မှ လိုက်လံပစ်ခတ်ဖမ်းဆီးမှုကြောင့် လွိုင်ကော်မြို့ရှိ ဘီလူးချောင်းအတွင်း ခုန်ချထွက်ပြေးသွားသူအား (၃)ရက်မြောက်နေ့တွင် ရေနစ်သေဆုံးလျှက် ပြန်တွေ့ 

စစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့မှ လိုက်လံပစ်ခတ်ဖမ်းဆီးမှုကြောင့် လွိုင်ကော်မြို့ရှိ ဘီလူးချောင်းအတွင်း ခုန်ချထွက်ပြေးသွားသူအား (၃)ရက်မြောက်နေ့တွင် ရေနစ်သေဆုံးလျှက် ပြန်တွေ့ 
ဧပြီ 24, 2021 | ကယား

စစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့မှ လိုက်လံပစ်ခတ်ဖမ်းဆီးမှုကြောင့် လွိုင်ကော်မြို့ရှိ ဘီလူးချောင်းအတွင်း ခုန်ချထွက်ပြေးသွားသူအား (၃)ရက်မြောက်နေ့တွင် ရေနစ်သေဆုံးလျှက် ပြန်တွေ့ 



ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် ဧပြီလ (၂၂)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးအရုဏ်ဦးသပိတ်အား အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် လက်နက်ကိုင်များမှ ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် တိမ်းရှောင်ထွက်ပြေးရင်း ဘီလူးချောင်းအတွင်း ခုန်ချသွား၍ (၂)ရက်ကြာ ပျောက်ဆုံးနေသော လူငယ်တစ်ဦးကို ဧပြီလ (၂၄)ရက်နေ့ မနက်ပိုင်းတွင် ဘီလူးချောင်းအတွင်း ရေနစ်သေဆုံးလျှက် တွေ့ရှိကြောင်းသိရသည်။ 

" ဒီနေ့မနက် ပဲ 91 ဘားနားလေးက ဆိပ်မှာ အလောင်းရှာတွေ့တယ်လို့သိရတယ်။ ပုံစံအရတော့ ရေမှော်တွေနဲ့ ညှိပြီး အလောင်းရှာမတွေ့ခဲ့တာ ဖြစ်နိုင်တယ်။ ခု အလောင်းပြန်ပေါ်တော့ ပုပ်ပြီး ရေမှော်တွေညှိပတ်ပြီး ပြန်ပေါ်လာတာ။ ရင်ခွဲရုံမှာ ပို့ထားပြီးတော့ ဒီနေ့ သင်္ဂြိုလ်မယ်လို့ ပြောပါတယ်။ " ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

ဧပြီလ (၂၂)ရက်နေ့ မှ စ၍ ပျောက်ဆုံးနေသော လူငယ်အား ဘီလူးချောင်းအတွင်း ရှာဖွေမှုများ (၂)ရက်ဆက်တိုက် လုပ်ဆောင်ခဲ့သော်လည်း တွေ့ရှိခြင်းမရှိဘဲ ယနေ့ ဧပြီလ (၂၄)ရက်နေ့ မနက်ပိုင်းမှသာ မှော်နွယ်များ ရစ်ပတ်လျှက်သေဆုံးနေသော အဆိုပါလူငယ်၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။  

လက်ရှိတွင် တာချီလိတ်သတင်းအေဂျင်စီ မှ လွိုင်ကော်မြို့ ဒေသခံများထံအတည်ပြုချက်အရ အလောင်းအား လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံတွင်ပို့ဆောင်ထားလျှက်ရှိပြီး အနီးနားမှာတော့ စစ်ကား (၂)စီးနှင့် စစ်သားအချို့ရှိနေကြောင်း သိရကာ ယနေ့တွင်ရုပ်အလောင်းအား သင်္ဂြိုလ်သွားရန် ပြင်ဆင်နေကြောင်းသိရသည်။ 

လွိုင်ကော်မြို့တွင် ဧပြီလ (၂၂)ရက်နေ့ နံနက်အစောပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးအရုဏ်ဦးသပိတ်အား အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် လက်နက်ကိုင်များမှ လာရောက်ပစ်ခက်ဖြိုခွင်းခဲ့သောကြောင့် အမျိုးသမီးသုံးဦး ဖမ်းဆီးခံခဲ့ရသလို ဆိုင်ကယ်များပါ သိမ်းယူသွားပြီး ဘီလူးချောင်းအတွင်း ခုန်ချထွက်ပြေးခဲ့သူ တစ်ဦးမှာ ဧပြီလ (၂၂)ရက်နေ့မှစ၍  ပျောက်ဆုံးနေခြင်းဖြစ်ပြီး ယနေ့ ဧပြီလ (၂၄) ရက်နေ့တွင် ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

လွိုင်ကော်မြို့ခံများ၏ ပြောပြချက်အရ ဧပြီလ (၂၂)ရက်နေ့ နံနက် (၄)နာရီကျော်အချိန်ဝန်းကျင်က လွိုင်ကော်မြို့တွင် လူငယ်အချို့မှ ပြုလုပ်သည့် အရုဏ်ဦးသပိတ်အား အာဏာသိမ်းအဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သောကြောင့် အဆိုပါ အမျိုးသားမှာ အနီးရှိ ဘီလူးချောင်းအတွင်း ခုန်ချ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး အချို့၏ ပြောပြချက်အရ ၎င်းအမျိုးသားမှာ ကျည်ထိမှန်ခြင်းရှိခဲ့ကြောင်း ပြောဆိုမှုများလည်းရှိပြီး လက်ရှိရုပ်အလောင်းပေါ်တွင် ဒဏ်ရာ တစ်စုံတစ်ရာ ရှိမရှိကို အတည်မပြုနိုင်သေးပါ။